ပေါ့ဂ်ဘာအား ခေါ်ယူရန် ဘာစီလိုနာအသင်းကို မက်ဆီ တိုက်တွန်း

မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအား ယခုနွေရာသီဈေးကွက်ကာလအတွင်းတွင် ခေါ်ယူရန် ဘာစီလိုနာအသင်း တာဝန်ရှိသူများကို ဘာစီလိုနာကစားသမား လီယွန်နယ်မက်ဆီက တိုက်တွန်းပြောဆိုခဲ့ ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

ဘာစီလိုနာအသင်းသည် အစောပိုင်းက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ရာဘော့ (၂၃နှစ်) အား ခေါ်ယူရန် စိတ်ဝင်စားမှုရှိခဲ့သည်။ သို့သော်လည်း ကွင်းလယ်ကစားသမား ရာဘော့သည် ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ရာဘော့အား ခေါ်ယူရေး စိတ်ဝင်စားနေမှုကို အဆုံးသတ်ကာ မန်ယူကစားသမား ပေါ့ဂ်ဘာအား ခေါ်ယူရေး ပြောင်းလဲစီစဉ်လာနိုင်သည်ဟု သတင်းများတွင် ဆက်လက်ရေးသားထားသည်။

မန်ယူအသင်းတာဝန်ရှိသူများက အသက် ၂၅ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအား ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၁၅၀ ပေးချေရမည်ဟု တောင်းဆိုထားခဲ့ဖူး သည်ဟု ဆိုသည်။

ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် ၂၀၁၆ ခုနှစ်တွင် ဂျူဗင်တပ်အသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာပြီး နောက်ပိုင်း တွင် မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနိုင်ရန် ရုန်းကန်နေခဲ့ရသူဖြစ်သည်။ သို့သော်လည်း ပေါ့ဂ်ဘာသည် ရုရှားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့သော ပြင်သစ်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြကစားပေးနိုင်ခဲ့သူဖြစ်သည်။ ပေါ့ဂ်ဘာနှင့် မန်ယူအသင်း မန်နေဂျာ မော်ရင်ညိုတို့အကြား ဆက်ဆံရေး မပြေလည်မှုများကြောင့် ပေါ့ဂ်ဘာ၏ မန်ယူ ကစားသမားဘ၀ အနာဂတ်နှင့်ပတ်သက်၍ ထင်ကြေးပေး သတင်းများလည်း ထွက်ပေါ်နေသည်။ အာဂျင်တီးနား ကစားသမား မက်ဆီသည် ပေါ့ဂ်ဘာအား ခေါ်ယူရန်အတွက် ဘာစီလိုနာအသင်းနည်းပြ အာနက်စတို ဗယ်လ်ဗာဒီ အား ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းကလည်း တိုက်တွန်းပြောဆိုခဲ့ဖူးသူဖြစ်သည်။

-Ref; Sky sports