လက်ရွေးစင်နောက်ခံလူ ဇော်မင်းထွန်း ထိုင်းကလပ်ချောင်ဘူရီနှင့် စာချုပ်ချုပ်ဆို

(ဓာတ်ပုံ − Chonburi FC)

 

ရန်ကုန်ယူနိုက်တက်မှ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းကို ထိုင်းလိဂ်-၁ ကလပ်ချောင်ဘူရီအသင်းက တစ်ရာသီစာချုပ်ဖြင့် အပြီးသတ်ခေါ်ယူခဲ့ကြောင်း အသင်းဝက်ဘ် ဆိုက်က ဖော်ပြထားသည်။

 ချောင်ဘူရီအသင်းသည် ဇော်မင်းထွန်းကို ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်က ကြံ့ခိုင်မှုနှင့် ဆေးစစ်ခြင်း၊ အသင်းနှင့် ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကာ အောင်မြင်သဖြင့် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့သည်။

ချောင်ဘူရီအသင်းသည် ဇော်မင်းထွန်း နေထိုင်ရန် အိမ်နှင့် ကား စီစဉ်ပေးမည်ဖြစ်သော်လည်း ပြောင်းရွှေ့ကြေးနှင့် လစာကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ ဇော်မင်းထွန်းသည် ရာသီသစ် အတွက် ထိုင်းကလပ်ချောင်ဘူရီ အသင်းသို့ ရောက်ရှိလာသည့် ခြောက်ဦးမြောက် ကစားသမားသစ်ဖြစ်ပြီး ကျောနံပါတ်(၃)၀တ်ဆင်ကစားမည်ဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်က ချောင်ဘူရီသို့ ပြောင်းရွှေ့ခဲ့သည့် မြန်မာ့လက်ရွေးစင် ကွင်းလယ်တောင်ပံကစားသမား စည်သူအောင်က ကျောနံပါတ်(၁၆)၀တ် ဆင်မည်ဖြစ်သည်။

အသက် (၂၆) နှစ်အရွယ် ဇော်မင်းထွန်းသည် မကွေးအသင်းနှင့် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့ပြီး ၂၀၁၂ မှ ၂၀၁၄ အထိ ရတနာပုံတွင်ကစားခဲ့ကာ ၂၀၁၅ ဘောလုံးရာသီ၌ ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့အပြင် ၎င်းသည် ၂၀၁၁ ကစတင်၍ မြန်မာ့လက်ရွေးစင်ကစားသမားဘ၀ စတင်ခဲ့ပြီး လက်ရွေးစင်အသင်း၌ ၆၂ ပွဲ ပါ ၀င်ကစားထားသည်။

ထို့အပြင် ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲတွင်လည်း မြန်မာအသင်း၏ အုပ်စုပွဲစဉ် လေးပွဲစလုံး၌ ပွဲထွက်ပါဝင်ခဲ့သည့် အဓိက နောက်ခံကစားသမားဖြစ်၍ ခေါ်ယူခြင်းဖြစ်ကြောင်း ချောင်ဘူရီအသင်းက ဖော်ပြထားသည်။

ချောင်ဘူရီအသင်းသည် ထိုင်းလိဂ်သမိုင်းတွင် ပထမဆုံးအဖြစ် မြန်မာကစားသမားနှစ်ဦးကို ခေါ်ယူခြင်းဖြစ်သည်။ ၂၀၁၉ ဘောလုံးရာသီအတွက် ထိုင်းလိဂ်၏ ပြောင်းလဲသည့် စည်းမျဉ်းကြောင့် ကလပ်အသင်းတစ်သင်းသည် အာဆီယံကစားသမား သုံးဦးအထိ ခေါ်ယူခွင့်ရှိပြီး ပွဲအတွင်း နှစ်ဦး ကစားခွင့်ပြုထားသည်။ ချောင်ဘူရီအသင်း သည် ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် ၂၀၀၇ ၌ ချန်ပီယံဆု ရရှိခဲ့ပြီး ၂၀၁၈ ဘောလုံးရာသီ၌ အဆင့်(၉)နေရာ ရပ်တည်ခဲ့သည်။

7Days