သုဝဏ္ဏကွင်းတွင်ကန်မည့် မြန်မာအမျိုးသမီးအသင်း၏ အိုလံပစ်ခြေစစ်ပွဲ သုံးပွဲကို ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်

၂၀၂၀ အိုလံပစ်အမျိုး သမီးခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များမှ မြန်မာအမျိုးသမီးဘောလုံး   အသင်းပါဝင် ယှဉ်ပြိုင်မည့် အုပ်စု  (ဂ) ပွဲစဉ်များကို ကွင်းဝင်ကြေး အခမဲ့သတ်မှတ်ကြောင်း  ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။

မြန်မာအမျိုးသမီးအသင်း သည် အိုလံပစ်ခြေစစ်ပွဲ ပထမ အဆင့်အုပ်စုပွဲစဉ်များအဖြစ် သုဝဏ္ဏကွင်းတွင် နိုဝင်ဘာ ၈ ရက် ၌ ဘင်္ဂလားဒေ့ရှ်အသင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် နီပေါအသင်း၊  နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

အုပ်စု (ဂ) ၌ အိမ်ရှင်မြန်မာ အမျိုးသမီး အသင်းနှင့်အတူ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်အ သင်းတို့ပါဝင်နေသည်။

‘‘ဒီပြိုင်ပွဲက အိုလံပစ်အကြို  ခြေစစ်ပွဲဆိုပေမယ့်လည်း အသင်းကောင်းတွေပါပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီး အသင်း ကိုအိမ်ရှင် ပရိသတ်အားနဲ့နောက် တစ်ဆင့်တက်ရောက်အောင် လာအားပေးနိုင်ဖို့ အခုလိုမျိုးကွင်း ၀င်ကြေးအခမဲ့သတ်မှတ်ပေးတာ ပါ’’ ဟု ဦးဇော်မင်းထိုက်ကပြော သည်။

မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းသည် ယခုနှစ်တွင်  လက်ရွေးစင်ဟောင်း ကစား သမားအများစု အနားယူပြီး မျိုးဆက်သစ်ကစားသမား အများအပြားဖြင့် ပြန်လည်ဖွဲ့စည်းထား သည်။ထို့ကြောင့် မျိုးဆက်သစ် မြန်မာအမျိုးသမီးအသင်းကို ပရိ သတ်များလာရောက်အားပေးရန်  နည်းပြချုပ်ဦးဝင်းသူမိုးက ဖိတ် ခေါ်ခဲ့သည်။

‘‘တချို့ကလေးတွေက ပွဲအ တွေ့အကြုံတော့ နည်းသေး တယ်။ ဒီကလေးတွေက မြန်မာ အမျိုးသမီးအသင်းရဲ့ မျိုးဆက် ပြောင်းတဲ့အချိန်ပါ။ အရင်လူဟောင်းထဲက ငါးယောက်လောက်ပဲ ပါတော့တယ်။ ဒီလို မျိုးအချိန်မှာ ကျွန်တော်တို့အသင်း ဘယ်လောက်ထိ လုပ်နိုင်လဲဆိုတာကို ဝေဖန်အကြံပြုစေချင်ပါတယ်’’ ဟု မြန်မာအမျိုးသမီး အသင်းနည်းပြချုပ်ဦးဝင်းသူမိုးက ပြောသည်။

မြန်မာအမျိုသမီးအသင်း သည် ၂၀၁၆ အိုလံပစ်ခြေစစ်ပွဲ ပထမအဆင့်တွင် အိန္ဒိယ၊ ဘာရိန်းအသင်းတို့ကို ကျော်ဖြတ်ပြီး ဒုတိယအဆင့်ခြေစစ်ပွဲသို့တက်ရောက်နိုင်ခဲ့သည်။

7Days