မောင်တောဒေသအကြမ်းဖက်မှုအပေါ် ပြည်တွင်း အရပ်ဘက်အဖွဲ့ နှစ်ရာကျော် ဆန့်ကျင်ရှုတ်ချ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က သြဂုတ် ၂၈ ရက် တွင် သဘောထား ထုတ်ပြန်သည်။  အကြမ်းဖက်မှုဖြစ်စဉ်အပေါ် အခြေခံ၍ နိုင်ငံရေးအမြတ်ထုတ်ရန်၊ မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းမှုများကိုလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

‘‘ဒီပြဿနာကို လူမှုကွန်ရက်တွေမှာ အထင်အမြင်လွဲစေနိုင်တဲ့ အမုန်းတရားကို လှုံ့ဆော်တဲ့ဟာမျိုးတွေလည်း တွေ့နေရတယ်။ ဒါတွေက ပြဿနာကို ပိုပြီးတော့ ကြီးထွားရှုပ်ထွေးစေနိုင် တယ်လို့ မြင်တယ်’’ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ် အဖွဲ့(MATA)ဦးဆောင် ကော်မတီအဖွဲ့ဝင် ဦးသန့်ဇင်က ပြောသည်။

အဆိုပါထုတ်ပြန်ချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံသည့် ပြည်တွင်းအခြေ စိုက်အရပ်ဘက် အဖွဲ့အစည်းများ၊ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့များနှင့် ဒေသဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၂၂၂ ဖွဲ့က ပူးပေါင်း ထုတ်ပြန်ခြင်းဖြစ်သည်။ မှန်ကန်သော သတင်းအချက်အလက်များကို ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်၊ သတင်းလွတ်လပ်ခွင့် ပေးရန်နှင့် သတင်းသမားများ လုံခြုံရေးအတွက် တာဝန်ယူစီစဉ်ပေးရန် လည်း တောင်းဆိုထားသည်။

ရခိုင်ပြည်နယ်အကြမ်းဖက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်များတွင် သတင်းမှားများဖြန့်ချိခြင်းနှင့် သတင်းသမားများအား မဟုတ်မမှန်တိုက်ခိုက်မှုများ ရှိနေသည်။ ထို့ကြောင့် သတင်းသမားများအနေဖြင့် အန္တရာယ် ပြုခံရနိုင်သည့်အခြေအနေကို သတိထားရန်လိုကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က အကြံပြုထားသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကလည်း ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့်အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များသည် ယခင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ကွဲပြားခြားနားကြောင်း နိုင်ငံတကာသံတမန်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။ အကြမ်းဖက်သမားများက ဘာသာရေးနှင့် လူမျိုးရေးကို အခြေပြုသည့် ပဋိပက္ခအသွင်ကို  ဖော်ဆောင်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုသို့ သတင်းအမှားဖြန့်ချိမှုများ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်ရှိ သတင်းများကို ပြန်လည်မျှဝေရာတွင် သတိပြုရန်လိုကြောင်း ဦးသန့်ဇင်က ဆိုသည်။ ‘‘တရားဝင် ထုတ်ပြန်တဲ့ အစိုးရဌာနတွေ၊ ခိုင်လုံတဲ့ သတင်းမီဒီယာတွေဆီက သတင်းအချက်အလက်ကို ပိုပြီးတော့ ရယူသင့်တယ်’’ဟု ၎င်းက ပြောသည်။

7day daily