နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) အစီရင်ခံစာနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သီးခြား မှတ်ချက်မပေး

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)၏ ဇွန်လ ၂၇ ရက် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သီးခြားမှတ်ချက်ပြု ရန်မရှိကြောင်းနှင့် လယ်ရီဂျေဂင်ဆောင်းပါးသည် မှန်ကန်မှုမရှိသည့်အပြင် ရည်ရွယ်ချက်ရှိရှိ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု စာနယ် ဇင်းကောင်စီ အဖွဲ့ဝင်များက ပြောသည်။

နေပြည်တော်တွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များ ဇွန်လ ၂၈ ရက်က တွေ့ဆုံစဉ် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ‘‘သတင်း မီဒီယာကိုယ်စား မေးပါရစေဆိုပြီး မေးပါတယ်။ သူ သေသေချာချာလေးပြောပါ တယ်။ AI Report နဲ့ပတ်သက်ပြီး စာမျက်နှာပေါင်း ၁၈၆ မျက်နှာ လည်းရှိတယ်။ ဗိုလ်ချုပ်မှူးကြီး အပါအဝင် ၁၃ ဦးကို တာဝန်ရှိ တယ်ဆိုပြီးတော့ ပြောတဲ့အခါမှာ သူ့ဟာသူ အစီရင်ခံစာဆိုတာ ရေးချင်သလို ရေးလို့ရပါတယ်တဲ့။ ဒီအပေါ်မှာ ဘာမှမှတ်ချက်ပြုစရာ မရှိပါဘူး။ ဒါပဲ သူပြောပါတယ်’’ ဟု စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးကျော်စွာမင်းက ပြောသည်။

 စာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံမှုတွင် တပ်မတော်နှင့် မီဒီယာထိတွေ့ဆက်ဆံမှုများ၊ ပဋိပက္ခဒေသများသို့ သတင်းယူခွင့် ရှိရေးကိစ္စရပ်များ၊ လယ်ရီဂျေဂင် ဆောင်းပါးကိစ္စအပါအဝင် AI က ထုတ်ပြန်သော အစီရင်ခံစာနှင့် ပတ်သက်သည့် သဘောထားအမြင်များကို အပြန်အလှန်ပြောဆို ဆွေးနွေးခဲ့သည်ဟု စာနယ်ဇင်း ကောင်စီဒုဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ဆိုသည်။ ‘‘လယ်ရီဂျေဂင်ကိစ္စနဲ့ပတ် သက်လို့ သူပြောတာကတော့ ဒါအချက်အလက် လည်း မမှန်ဘူးပေါ့။ အဲဒီလိုလည်း ဖြစ်ပျက်ခဲ့တာလည်း မဟုတ်ဘူး။ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ရေးတဲ့သဘောမျိုး ပြောတာပါ’’ဟု ကောင်စီဝင် ဦးမြင့်ကျော်က မီဒီယာများ၏မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ ‘‘တကယ်တမ်း အဲဒီနေ့က အစည်းအဝေးပွဲမှာ စုံစမ်းရေးကော်မရှင်ဖွဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေး ကြတယ်တဲ့။ ပထမဆုံးသမ္မတက ပြောတယ်။ နောက်ပြီးတော့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောတယ်။ နောက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပြောတယ်။ ပြီးတော့သူ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ပြောတယ် ပေါ့။ သူတို့ကလည်း သူတို့ရဲ့အမြင်၊ သူတို့ဖြစ် သင့်ဖြစ်ထိုက်တဲ့ အနေအထားမျိုး၊ အကြံပြုတဲ့ဆွေးနွေးချက်မျိုးပဲ ရှိ တယ်ဆိုတာမျိုးပြောတယ်’’ ဟု ဦးမြင့်ကျော်က ဆက်လက်ပြော ကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တို့၏တွေ့ဆုံမှုသည် မွန်းလွဲ ၂ နာရီက စတင်၍ လေးနာရီ ကျော်ကြာမြင့်သည်ဟု ကောင်စီဝင်များက ဆိုသည်။ စာမျက်နှာ ၁၈၆ မျက်နှာပါရှိသည့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က ထုတ်ပြန်သော အစီရင်ခံစာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား တပ်မတော်နှင့် လုံခြုံရေး ဆိုင်ရာ ထိပ်တန်းအရာရှိ ၁၂ ဦး သည် ဘင်္ဂါလီများအပေါ် ဖိနှိပ်ရာတွင် အဓိကတာဝန်ရှိကြောင်း စွပ်စွဲဖော်ပြထားပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေဖြင့် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် စစ်ဆေးစုံစမ်းမှု၊ အရေးယူမှုပြုလုပ်ပေးရန် လည်း ထည့်သွင်းတောင်းဆိုထား သည်။

ထို့အပြင် ထိုင်းနိုင်ငံအခြေ စိုက်ဘန်ကောက်ပို့စ်သတင်းစာ၌ လယ်ရီဂျေဂင်က ‘UN Envoy Averts Possible Military Coup in Myanmar’ ခေါင်းစဉ်ဖြင့် ဇွန်လ ၂၃ ရက်က ရေးသားခဲ့သည့် ဆောင်းပါးတွင် ရခိုင်အရေးနှင့် ပတ်သက်သော ထိပ်သီးဆွေးနွေးပွဲ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေါသတကြီးတုံ့ပြန်ပြီး အာဏာ သိမ်းမည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရေးသား ထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းမည်ဟု ပြောကြားခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ဇွန်လ ၂၇ ရက်တွင် ရှင်းလင်း ထားသည်။