ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်း မဟုတ်ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ် သည့်နှုန်းထားဖြင့် သတ်မှတ်တော့မည်

ပြည်တွင်းငွေလဲနှုန်းကို ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်း မဟုတ်တော့ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်သည့်နှုန်းထားဖြင့် သတ်မှတ်တော့မည်ဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

“Reference Exchange Rate ကို အခုလောလောဆယ်မှာ Auction နဲ့ သွားနေပါတယ်။ Auction နဲ့ သွားရတဲ့ အကြောင်းရင်းကလည်း ပထမဦးဆုံး အစိုးရ Rate ခြောက်ကျပ်နဲ့ အပြင်မှာဖြစ်နေ တဲ့နှုန်းက ကွာနေတဲ့အတွက် ပထမဦးဆုံးအနေနဲ့ အစိုးရ Exchange Rate ကို ဖျောက်တဲ့ Multiple Exchange Rate ကို IMF ရဲ့ နည်းပညာ အကူအညီနဲ့ သွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာ Inter Bank Market Rate ကို သွားဖို့အတွက် အဆင့်သင့် ဖြစ်နေပါပြီ။ IMF ကလည်း နောက်ဆုံးအဆင့် နည်းပညာ အကူအညီပေးနေပါတယ်” ဟု ဦးဆက်အောင်က ပြောကြားသည်။

Inter Bank System ဆိုသည်မှာ Interbank တွင် သွားနေသည့် Transaction များအားလုံးကို Electronic Paltform မှယူပြီး InterBank တွင် အမှန်တကယ် ဖြစ်နေသည့်နှုန်းကို ဗဟိုဘဏ် အနေဖြင့် တင်ပေးခြင်းဖြစ် ကြောင်း၊ ဗဟိုဘဏ်က သတ်မှတ်သည့်နှုန်း မဟုတ်တော့ဘဲ ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်သည့် InterBank Transaction Rate များ ဖြစ်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အဓိက ငွေကြေးမူဝါဒများအဖြစ် သီးသန့်ငွေလိုအပ်ချက်၊ အတိုးနှုန်းမူဝါဒနှင့် ငွေကြေးဈေးကွက်တွင် ငွေချေး စာချုပ်များကို ရောင်းဝယ်ခြင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းအတွက် Exchange Rate တွက်ချက် သတ်မှတ်ပေးခြင်းနှင့် ပြည်တွင်းဘဏ်များ၏ နိုင်ငံခြားငွေ ရောင်းဝယ်လိုခြင်းများအတွက် နေ့စဉ် Auction ဆောင်ရွက်၍ ဈေးနှုန်း တည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေ (Foreingn Exchange Reserve) အား စီမံခန့်ခွဲခြင်း စသောနည်းလမ်းများ အသုံးပြုကာ ဈေးကွက် စီးပွားရေး စနစ်နှင့် ကိုက်ညီသည့် ငွေရေးကြေးရေးကဏ္ဍနှင့် ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် မြန်မာကျပ်ငွေ တန်ဖိုး ခိုင်ခံ့တည်မြဲစေရန် ဆောင်ရွက်နေကြောင်း သိရသည်။

# Eleven