ကိုလံဘီယာတွင် ဆယ်စုနှစ် ငါးခုမျှ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ် အဆုံးသတ်မှု အောင်ပွဲခံ အခမ်းအနားများ ကျင်းပ

crgthy

ကိုလံဘီယာ နိုင်ငံတွင် ဆယ်စုနှစ် ငါးခုမျှ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ် ရပ်တန့်သွားမှုအတွက် အောင်ပွဲခံ အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။

အစိုးရနှင့် လက်ဝဲယိမ်း Farc သူပုန်များကြား အလုံးစုံ အပစ်အခတ် ရပ်စဲရန် ဆွေးနွေးညှိနှိုင်းမှု အောင်မြင် သွားပြီးနောက် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့ပြီဟု ကိုလံဘီယာ အစိုးရက ကြေညာခဲ့သည်။ ဘိုဂိုတာ မြို့တော်တွင် လူပေါင်းများစွာသည် လမ်းမပေါ် ထွက်လာကာ အချင်းချင်း ပွေ့ဖက် အောင်ပွဲခံကြပြီး နိုင်ငံတော် သီချင်းကိုလည်း သံပြိုင် သီဆိုခဲ့ကြသည်။

အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အထမြောက်ခဲ့ခြင်းသည် လုံးဝဥဿုံ ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု စာချုပ် ချုပ်ဆိုရန် နောက်ဆုံးအဆင့် အောင်မြင်မှုလည်း ဖြစ်သည်။ အဆိုပါ စာချုပ်ကို လာမည့် သီတင်းပတ် အနည်းငယ်အတွင်း လက်မှတ်ရေးထိုးဖွယ် ရှိသည်။

ကိုလံဘီယာ ပြည်တွင်းစစ်သည် အနောက်ကမ္ဘာခြမ်းတွင် အရှည်လျားဆုံး ပြည်တွင်းစစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူပေါင်း ၂၂၀၀၀၀ ကျော် သေဆုံးကာ လူ ၂ သန်းမျှ ဘေးလွတ်ရာ ထွက်ပြေး ရွှေ့ပြောင်းခဲ့ကြရသည်။ ဇွန် ၂၃ ရက် ကြေညာချက်သည် ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့တော်တွင် သုံးနှစ်မျှ အချိန်ယူ ဆွေးနွေးခဲ့ရခြင်း၏ အပြီးသတ် ရလဒ်လည်း ဖြစ်လာသည်။

အစိုးရက အပစ်အခတ် ရပ်စဲမှု သဘောတူညီမှု စတင်မည့် နေ့ရက်ကို မကြေညာသေးချေ။ ယင်းသည် အပြီးသတ် လက်မှတ်ရေးထိုးမှု တရားဝင် ပြီးမြောက်မှ စတင်လာဖွယ် ရှိသည်။ ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်လ် ဆန်းတို့စ်က ဇူလိုင်လကုန်ပိုင်းတွင် ဆွေးနွေးမှု လုပ်ငန်းစဉ်အားလုံး ပြီးပြတ်ရန် မျှော်လင့်ကြောင်း ပြောကြားထားဖူး သည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အောင်ပွဲခံ အခမ်းအနားတွင် သမ္မတက “ဒါဟာ သမိုင်းဝင် နေ့တစ်နေ့ပဲ။ နှစ်ပေါင်း ၅၀ လောက် ကြာမြင့်ခဲ့တဲ့ သေဆုံးမှု၊ တိုက်ခိုက်မှု၊ နာကျင်မှုတွေ အဆုံးသတ်မယ့် အချိန်ကို ရောက်လာပြီ။ Farcတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေမှုကို ကျွန်တော်တို့ ရပ်တန့်နိုင်ခဲ့ပါပြီ”ဟု ပြောကြားခဲ့သည်။

သတင်းများ၏ အဆိုအရ ငြိမ်းချမ်းရေး သဘောတူညီမှု အပြီးသတ် စာချုပ်ကိုမူ ကျူးဘားတွင် လက်မှတ်မထိုးဘဲ ကိုလံဘီယာ နိုင်ငံတွင်သာ လက်မှတ် ရေးထိုးသွားမည်ဟုလည်း သိရှိရသည်။        

-Ref: Reuters


Leave a Reply