အာဖဂန်ဆေးရုံကို မှားယွင်းတိုက်ခိုက်ခဲ့မှုသည် စစ်ရာဇဝတ်မှု မဟုတ်ဟု အမေရိကန် ငြင်းဆို

အမေရိကန် လေတပ်က အာဖဂန် နစ္စတန် ဆေးရုံတစ်ခုကို လေကြောင်းမှ မှားယွင်း တိုက်ခိုက်ခဲ့မိခြင်းသည် စစ်ရာဇဝတ်မှု မဟုတ်ဟု ပင်တဂွန် စစ်ဌာနချုပ်က ဖြေရှင်း ပြောကြားခဲ့သည်။

အာဖဂန် မြောက်ပိုင်းရှိ ရန်ပုံငွေ ဆေးရုံတစ်ခုကို အမေရိကန် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးက တာလီဘန်များ စီးနင်းသိမ်းယူထားသည့် အဆောက်အအုံ တစ်ခုအဖြစ် မှားယွင်းယူဆကာ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၄၂ ဦး သေဆုံးခဲ့သည်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ စစ်မှုထမ်း ၁၆ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ ကြားနာ စစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု အတည်ပြုခဲ့သည်။ သို့သော်လည်း ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုခြင်း ခံရသူ တစ်ဦးမျှ မရှိချေ။

ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာ ၃ ရက်က ကွန်ဒုဇ်ရှိ Medecins sans Forntierers (MSF)က ဖွင့်လှစ်ထားသော ဆေးရုံကို တိုက်ခိုက်မိခဲ့ခြင်းသည် ရည်ရွယ်ချက် လုံးဝ မပါသဖြင့် စစ်ရာဇဝတ်မှုဟု မခေါ်ဆိုနိုင်ကြောင်း ပင်တဂွန်မှ ဗိုလ်ချုပ်ကြီး ဂျိုးဆက်ပ် ဗောတဲလ်က ပြောကြားခဲ့သည်။

အမေရိကန် စစ်ရေးဗဟိုဌာန အကြီးအကဲဖြစ်သူ ဗောတဲလ်က ဖြစ်ရပ်အပေါ် အမေရိကန် စစ်ဘက်က စုံစမ်းခဲ့မှု မှတ်တမ်းများကိုလည်း အသေးစိတ် ထုတ်ပြန်ခဲ့သည်။ ယင်းစစ်ဆေးမှုများအရ MSF၏ ဆရာဝန်များကို ဆေးရုံကို စီးနင်းပစ်ခတ်ခြင်း ခံရချိန် ၁၀ မိနစ်မျှ အကြာတွင် အမေရိကန် အရာရှိများထံ ဖုန်းဆက်ကာ တိုက်ခိုက်မှုကို ရပ်တန့်ရန် ပန်ကြားခဲ့ကြောင်း သိရသည်။ သို့သော်လည်း ရဟတ်ယာဉ်က နောက်ထပ် မိနစ် ၂၀ မျှ ပစ်ခတ်နေခဲ့သေးသည်။

ယခုဖြစ်ရပ်၏ အဓိက အကြောင်းရင်းများ၌ လူအများ၏ အတွက်အဆ မှားယွင်းမှုများ၊ လုပ်ထုံးလုပ်နည်း လွဲချော်မှုများ၊ စစ်ဆင်ရေးတွင် အသုံးပြုသည့် ပစ္စည်းများတွင် ချွတ်ယွင်းချက်များ အလုံးစုံ ပါဝင်နေကြောင်းလည်း ဗောတဲလ်က ဆိုသည်။ “ချွတ်ယွင်းချက် အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံတစ်ခုကို ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာမျိုးတော့ လုံးဝမဟုတ်ဘူး။ ဒါကြောင့် စစ်ရာဇဝတ်မှု အနေနဲ့ စွပ်စွဲလို့ မရနိုင်ပါဘူး”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

လတ်တလောတွင် MSFက ဖြစ်စဉ်အပေါ် သီးခြားလွတ်လပ်စွာ စုံစမ်းခွင့်ပေးရန် တောင်းဆိုထားသည်။ ယခုကိစ္စတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရာဇဝတ်ကြောင်းအရ အရေးယူမှု မပြုခဲ့ခြင်းအပေါ် အသက်ရှင် လွတ်မြောက်လာသူများက စိတ်ဆိုး ဒေါသထွက်နေကြောင်းလည်း သိရသည်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့ပြီး ယခုတိုင် ခြေထောက်တစ်ချောင်း လှုပ်ရှားနိုင်ခြင်း မရှိသေးသည့် ခါလစ်အာမက်က “ဒါ ရာဇဝတ်မှုပဲ။ ရာဇဝတ်သားတွေကို ထောင်ချကို ချသင့်တယ်”ဟု APသို့ ပြောကြားသွားသည်။   -Ref: BBC


Leave a Reply