ရေစကြိုမြို့နယ် ချင်းယားကုန်းကျေးရွာပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူးဦးပိုက်ထွေး ရေစကြိုမြို့နယ် ချင်းယား ကုန်းကျေးရွာ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံ့တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ရမည်ဆိုပါကဟူ၍ အောက်ပါအတိုင်း အဓိကအချက်များကို ထည့်သွင်းပြောကြားသွားသည်။
– ဘာသာရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားသည့် ဘာသာရေးဆိုင်ရာ အခွင့်အရေးများကို နိုင်ငံသားတိုင်းရရှိခံစားစေ ရမည်။
– တောင်သူလယ်သမားများအရေးနှင့်ပတ်သက်၍ မိမိ စိုက်ထုတ်ကုန်ကျခဲ့သည့် စိုက်ပျိုးစရိတ်အရင်းအနှီး ထက်သာလွန်သောဝင်ငွေရရှိရေးဆောင်ရွက်ပေးမည်။ လယ်ယာထုတ်ကုန်များသင့်တင့်မျှတသည့်ဈေးနှုန်း ရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးမည်။
– နိုင်ငံသူနိုင်ငံသားများနှင့်ပတ်သက်၍ လက်ရှိဆောင် ရွက်နေသည့်အခွန်စနစ်အား ပြန်လည်သုံးသပ် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောကြားသွား ခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့ နယ် ကျောက္ကာ ကျေးရွာအုပ်စု ချင်းယားကုန်းကျေး ရွာ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ပါတီဝင်သစ်များ အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို နိုင်ငံ တော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ကာ ဖွင့်လှစ်ခဲ့သည်။
အစီအစဉ်အရ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသိန်းလွင်ကအခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အခမ်းအနားသို့ စုစုပေါင်းအင်အား ၃ဝဝ ခန့်တက်ရောက်ခဲ့သည်။ ထို့နောက် ပါတီဝင် ဦးလှစိန်က စုပေါင်းပါတီဝင် အဆိုပြုလွှာ ၂ဝ၉ စောင်ကိုပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးသိန်းလွင်က လက်ခံခဲ့သည်။
အသစ်ဝင်ရောက်သော ပါတီဝင်များ၏ ပါတီဝင်နှစ်စဉ်ကြေးများကို ပါတီဝင်ဦးဇော်မိုးက ပေးအပ်ရာ မြို့နယ် ပါတီကော်မတီဦးဝင်းနိုင်ဦးက လက်ခံရယူခဲ့ပြီးနောက် ပါတီဝင် မသန္တာမိုးက ပါတီဝင်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ပါတီဗဟိုအတွင်းရေးမှူးက ဂုဏ်ပြုကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစောဝင်းမောင်က ပါတီမူဝါဒ၊ ပါတီ၏လုပ်ငန်းများ၊ သဘောထားများကို ရှင်းလင်းပြော ကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက အမှာ စကားပြောကြားရာတွင် လက်ရှိဖြစ်ပျက်နေသောနိုင်ငံရေးအခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားပြီးနောက် ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည် ချင်းယားကုန်းဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့်ရှင်မတောင်ဆရာတော်ကြီးတို့အား သွားရောက်ဖူးမြော်ကြပြီး ဝါဆိုသင်္ကန်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
ယင်းနောက်ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည် ရေစကြိုမြို့နယ် ပါတီရုံးသို့ရောက်ရှိကြပြီး ရေစကြို မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ ပါတီလုပ်ငန်း စဉ်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။