အမေရိကကို တန်ပြန်ရန်အတွက် နျူလက်နက်များ အဆင်သင့်ပြင်ထားရန် ကင်မ်ဂျုံအန်း နှိုးဆော်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ၎င်း၏နိုင်ငံအား စစ်ပွဲအတွင်း အချိန်မရွေး တိုက်ခိုက်နိုင်ရန် အတွက် နျူကလီယားလက်နက်များ အဆင်သင့်ပြင်ထားရန် နှိုးဆော်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာန ဖြစ်သည့် ကေအင်န်စီအေ က မတ်လ ၂၀ ရက် တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ကင်မ်၏ အဆိုပါမှတ်ချက်မှာ အမေရိကနှင့် တောင်ကိုရီးယား၏ ပူးတွဲ စစ်ရေးလေ့ကျင့်နေမှုများကို သတိပေးသည့် အနေဖြင့် မြောက်ကိုရီးယားက စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့စဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

ဒုံးကျည်ပစ်လွှတ်မှုများကို ကြီးကြပ်ခဲ့သည့် ကင်မ်က ထိုစမ်းသပ်မှုများသည် စစ်တပ်၏ တကယ့်စစ်ပွဲအတွင်း တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို မြှင့်တင်ပေးကြောင်း၊ ယင်းလေ့ကျင့်မှုများမှတစ်ဆင့် နျူကလီးယား တန်ပြန်တိုက်ခိုက်မှုများကို ချက်ချင်းလက်ငင်း ပြုလုပ်နိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားအပေါ် ရန်သူတွေရဲ့ ရန်လိုမှုတွေ ပိုပြီးသိသာထင်ရှားလာတဲ့ အခုလိုအခြေအနေမျိုးမှာ မြောက်ကိုရီးယားဟာ မိမိရဲ့ နျူကလီးယား စွမ်းရည်တွေကို အရှိန်အဟုန်မြှင်တင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ကင်မ်က မိန့်ကြားခဲ့ကြောင်း ကေအင်န်စီအေ က ဖော်ပြထားသည်။

ကင်မ်သည် ဒုံးကျည်ပစ်လွှတ်သည့် နေရာသို့ သမီးငယ်နှင့်အတူ ထပ်မံ တက်ရောက်ခဲ့သည်ကိုလည်း ကေအင်န်စီအေက တင်ထားသော ဓာတ်ပုံများတွင် တွေ့ရသည်။

 

Source: CNA