မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နှင့်အတူ ချက်ရှိုင်းယားစားသောက်ဆိုင်တွင် လက်ရှိမန်ယူအသင်းနည်းပြ တန်ဟက်ဂ် တွေ့ဆုံကာ ညစာအတူစားခဲ့

လက်ရှိ မန်ယူအသင်းနည်းပြ တန်ဟက်ဂ်သည် အသင်း၏ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နှင့် တွေ့ဆုံကာ ချက်ရှိုင်းယားရှိ အီတလီစားသောက်ဆိုင်တစ်ခုတွင် ပြီးခဲ့သည့် တနင်္လာနေ့က ညစာအတူစားခဲ့ကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။

ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်သည် ယခုရာသီတွင် မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာပင် အသင်းကို ချန်ပီယံဆုများ စိန်ခေါ် နိုင်အောင် စွမ်းဆောင်ပေးထားသူဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီ (၂၀)ရက်(တနင်္လာနေ့)ညတွင် ချက်ရှိုင်းယားရှိ အီတလီစားသောက်ဆိုင်တစ်ခုတွင် မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နှင့် ညစာအတူစားကာ စကားလက်ဆုံကျခဲ့ကြကြောင်း သိရှိရသည်။

Daily Mail ၏ဖော်ပြချက်အရ တန်ဟက်ဂ်အနေဖြင့် ဘာစီလိုနာနှင့် ကစားခဲ့သည့် ယူရိုပါလိဂ် Knock-out ဒုကျော့ပွဲနှင့် နယူးကာဆယ်နှင့် ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲတို့အတွက် ဖာဂူဆန်နှင့်ဆွေးနွေးကာ အကြံဉာဏ်ရယူခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

အသက် (၈၁) နှစ်အရွယ်ရှိ ဖာဂူဆန်သည် မန်ယူအသင်းကို (၂၆) နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် (၁၃)ကြိမ်၊ ချန်ပီယံလိဂ် (၂) ကြိမ်အပါအဝင် ဆုဖလားပေါင်း (၃၇)လုံးအထိ ရယူပေးနိုင်ခဲ့သူဖြစ်သည်။

၎င်းသည် ချက်ရှိုင်းယားရှိ အီတလီစားသောက်ဆိုင်သို့ လာရောက်လေ့ရှိပြီး ယခုအခါ လက်ရှိမန်ယူနည်းပြ တန်ဟက်ဂ်နှင့်အတူ ညစာစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖာဂူဆန်နှင့်တွေ့ဆုံခဲ့ခြင်း နှင့်ပတ်သက်ပြီး တန်ဟက်ဂ်က “အရမ်းကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ အတွေ့အကြုံအများကြီးရှိပြီး ဗဟုသုတကြွယ်ဝသူနဲ့ စကားပြောရတာကို အမြဲတမ်းကြိုက်ပါတယ်။ သူက မန်ယူအသင်းကို ကူညီချင်တယ်။ အားပေးတယ်လို့ ပြောပါတယ်။ မန်ယူအသင်းက သူ့အသင်းဖြစ်ပြီး သူဟာ အသင်းအတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့သူပါ။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရမ်းအဆင်ပြေပါတယ်။ ကျွန်တော့်အတွက် ကြီးကျယ်တဲ့ညဖြစ်ပြီး နောက်ထပ်လည်း သူနဲ့ထပ်တွေ့ရဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။