အစ္စတန်ဘူလ်မြို့ပေါက်ကွဲမှုတွင် ခြောက်ဦးသေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရ

တူရကီနိုင်ငံ မြို့လယ်က လူရှုပ်တဲ့နေရာတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူခြောက်ဦး သေဆုံးကာ ၈၁ ဦး‌ ဒဏ်ရာရရှိခဲ့ကြောင်း တူရကီအရာရှိတွေက ပြောကြားပါတယ်။ တက်ဆင် ရင်ပြင် ဧရိယာက ဈေးဆိုင်တွေနဲ့ စည်းကားတဲ့လမ်းမှာ ညနေ လေးနာရီ ၂၀ မိနစ်လောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးမှူးက ပြောကြားပြီး မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားတယ်လို့လည်း တူရကီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ပေါက်ကွဲမှုက အမျိုးသမီးတစ်ဦးကလုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ထင်မြင်ရကြောင်း ဒုတိယသမ္မတ ဖူရက်အော့တေးက စောစောပိုင်းမှာ ပြောပါတယ်။

သမ္မတ တေရစ် အာဒိုဂန်ကလည်း ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။

ယုတ်မာတဲ့ တိုက်ခိုက်မှုကို ရှုတ်ချကြောင်းနဲ့ အကြမ်းဖက်မှုဖြစ်ပုံရကြောင်း သမ္မတအာဒိုဂန်က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်မှာ ပြောကြားပါတယ်။ ဗုံးကို ချထားခဲ့သူလို့ မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆိုလူက တနင်္လာနေ့ နံနက်မှာပြောကြားပြီး  ကာဒစ်စတန်အလုပ်သမားများပါတီ (PKK)က ဖောက်ခွဲခဲ့တာဖြစ်ကြောင်း စွပ်စွဲပါတယ်။ ပီကေကေ ပါတီက တူရကီ နိုင်ငံထဲမှာပဲ အမှီအခိုကင်း ကာ့ဒ်ပြည်နယ်ထူထောင်ပေးဖို့ တောင်းဆိုနေတဲ့အဖွဲ့ဖြစ်ကာ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က အကြမ်းဖက်အဖွဲ့လို့ သဘောထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အခုအချိန်ထိတော့ ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ ပြောကြားတာမျိုး မရှိသေးပါဘူး။

-Ref:BBC