အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲတာဝန်တွေ မနားမနေ လုပ်နေရမှုကြောင့် ပင်ပန်းနွမ်းနယ်ပြီး ရဲနှင့် ရွေးကောက်ပွဲ ၀န်ထမ်း ၁၀၀ ကျော် သေဆုံး

ဧပြီ ၁၇ ရက် တစ်ရက်တည်းမှာ ကျင်းပတဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲအတွင်း တာဝန်တွေ မနားမနေ ထမ်းဆောင်ရပြီး ပင်ပန်းနွမ်းနယ်မှုကြောင့် ရွေးကောက်ပွဲဝန်ထမ်းတွေနဲ့ရဲ စုစုပေါင်း ၁၀၀ ကျော်လောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ယင်းအတွက်ကြောင့် ယင်းနိုင်ငံမှာ သမ္မတလောင်း ရွေးကောက်ပွဲနှင့် ဥပဒေပြုလွှတ်တော်အမတ်နေရာ မဲပေးမှုတွေကို တစ်ပြိုင်နက်တည်း လုပ်ဆောင်မှုအပေါ် ပြန်လည်သုံးသပ်စဉ်းစားဖို့ တောင်းဆိုမှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

ယင်းရွေးကောက်ပွဲအတွင်း ကိုယ်စားလှယ်လောင်း ၂၄၅,၀၀၀ နီးပါးက နေရာ ၂၀,၀၀၀ အတွက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲ ၀န်ထမ်း ၇ သန်းကျော် တာဝန်ပေးခဲ့တယ်လို့ အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၄ ရက်အထိ စာရင်းတွေအရ ၀န်ထမ်း ၁၃၉ ဦးအထိ သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ပဲပေးမှုအပြီး လူ ၅၀၀ ကျော်လောက် ဖျားနာနေလျက်ရှိတယ်လို့ သိရပါတယ်။

ယင်းရွေးကောက်ပွဲတွေမှာတော့ မဲပေးခွင့်ရှိသူ ၁၉၃ သန်းအနက် ခန့်မှန်းခြေ ၈၁ ရာခိုင်နှုန်း ပါဝင်မဲပေးခဲ့တယ်လို့ သိရပါတယ်။ ခုချိန်မှာ မဲတွေကို ရေတွက်နေဆဲဖြစ်ပေမယ့် တရားမ၀င်မဟုတ်ဘဲ ထွက်ပေါ်နေတဲ့ ကိန်းဂဏန်းတွေအရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုပဲ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

source:mizzima