လီဗာပူးလ်အသင်းကို ဝယ်ယူရန်စိတ်ဝင်စားကြောင်း နာမည်ကျော် MMA အားကစားသမား မက်ဂရီဂေါ် ဖွင့်ဟ

ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း အိုင်ယာလန်နာမည်ကြီး MMA အားကစားသမား ကော်နာမက်ဂရီဂေါ်က အတည်ပြုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းပိုင်ရှင် Fenway Sports Group သည် ကလပ်အသင်းကို ရောင်းချတော့မည်ဟု နိုဝင်ဘာလ ၇ ရက်က သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည်။

ယင်းသတင်းများနှင့်ပတ်သက်ပြီး FSG က ဖြေရှင်းရာတွင် ကလပ်အသင်းအတွက် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားရှိလာလျှင် တံခါးဖွင့်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သောကြောင့် အသင်းရောင်းချမည့် အစီအစဉ်အပေါ် ကောလာဟလများ ပိုမိုမြင့်တက်စေခဲ့သည်။

FSG သည် လီဗာပူးလ်အသင်းကို လွန်ခဲ့သည့် ၁၂ နှစ်ကာလ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ယခင်ပူးတွဲပိုင်ရှင်များဖြစ်သည့် တွမ်ဟစ်နှင့် ဂျော့ချ်ဂျီးလတ်တို့ထံမှ ပေါင်သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Forbes မဂ္ဂဇင်းမှ နောက်ဆုံးထုတ်ပြန်ထားသည့် ကလပ်အသင်းတန်ဖိုးတွင် လီဗာပူးလ်အသင်းသည် ပေါင် ၃ ဒသမ ၅ ဘီလျံခန့် တန်ကြေးရှိနေကြောင်း သိရသည်။ အသက် ၃၄ နှစ်အရွယ်ရှိ မက်ဂရီဂေါ်သည် မန်ချက်စတာ ယူနိုက်တက်အသင်း ပရိသတ်အဖြစ် လူသိများပြီး Twitter အမေးအဖြေတွင် ပရိသတ်တစ်ဦးက လီဗာပူးလ် အသင်းကို ဝယ်ယူလိုပါသလားဟု မေးမြန်းမှုကို မက်ဂရီဂေါ်က “ကျွန်တော် ဒီအသင်းကို ကြိုက်နှစ်သက်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး FSG ထံ အချက်အလက်တွေပေးဖို့ ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ ဒါက တကယ်ပါ။ ကျွန်တော် သတင်းကြားကြားပြီး ချင်းမှာပေါ့။ တကယ့်အဖြစ်အပျက်တစ်ခုပါပဲ။ တကယ့်ကလပ်အသင်းပါ” ဟု ပြန်လည် ရေးသားခဲ့သည်။

မက်ဂရီဂေါ်သည် ချယ်လ်ဆီးအသင်းအား ရောင်းချရန် စီစဉ်နေသည့် အချိန်တွင်လည်း ပေါင် ၁ ဒသမ ၅ ဘီလျံဖြင့် ဝယ်ယူသွားမည်ဟု ကြေညာခဲ့သူဖြစ်သည်။ FSG သည် လီဗာပူးလ်အသင်းအား ပေါင်လေးဘီလျံဖြင့် ရောင်းချလိုလျက်ရှိသည်။