မြောက်ကိုရီးယားက အရှေ့နှင့်အနောက်ဘက်ကမ်းရိုးတန်းများကို အမြောက်များဖြင့်ပစ်ခတ်

မြောက်ကိုရီးယားသည် ၎င်း၏အရှေ့ဘက်နှင့်အနောက်ဘက်ကမ်းရိုးတန်းများကို အောက်တိုဘာ ၁၈ ရက် အင်္ဂါနေ့က အမြောက်များဖြင့်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ဒေသစံတော်ချိန်ည ၁၀ နာရီဝန်းကျင်လောက်တွင် အနောက်ဘက်ကမ်းရိုးတန်းပင်လယ်ထဲသို့ ကျည် ၁၀၀ ခန့်ပစ်ခတ်ခဲ့ပြီး အရှေ့ဘက်ကမ်းရိုးတန်းတွင်မူ နောက်ထပ်ကျည် ၁၅၀ ကိုထပ်မံပစ်ခတ်ခဲ့သည်ဟု ပူးတွဲစစ်ဦးစီးချုပ်ရုံးက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့သည်။

“မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်ပေးဖို့ ကျွန်တော်တို့အလေးအနက်တိုက်တွန်းပါတယ်” ဟု JCS က Yonhap ၏ထုတ်ပြန်ချက်အားဖော်ပြထားသည်။

“ဆက်တိုက်ဆိုသလိုဖြစ်လာနေတဲ့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုထိခိုက်စေတဲ့အပြင် နိုင်ငံတကာအသိုက်အဝန်းကိုပါထိခိုက်စေတဲ့လုပ်ရပ်တွေပါပဲ” ဟုလည်း၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်သည့်စွမ်းရည်မြှင့်တင်ရန် ရည်ရွယ်လျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ကိုရီးယား၏ Hoguk ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုအား တနင်္လာနေ့ကစတင်ခဲ့ပြီးနောက် မြောက်ကိုရီးယား၏ နောက်ဆုံးစစ်ရေးလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

စနေနေ့တွင်ပြီးဆုံးမည့် တောင်ကိုရီးယား၏ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်းလေ့ကျင့်မှုများအပါအဝင် မကြာသေးမီကာလများအတွင်း တောင်ကိုရီးယား၏စစ်ရေးလေ့ကျင့်မှုများအနက် နောက်ဆုံးအကြိမ်ဖြစ်သည်။

Source : CNA