PSG ၌ မက်ဆီ ဆက်ရှိရန်မသေချာ

အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူး မက်ဆီသည် ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာအသင်း၏ တစ်နှစ်ယူရိုသန်း(၄၀၀)တန် ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဥရောပတွင်သာ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် PSG အသင်းတွင် ဆက်နေမည့် သူ၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြလျက်ရှိသည်။

မက်ဆီ၏ PSG အသင်းနှင့်စာချုပ်မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး PSG အနေဖြင့် စာချုပ်သက်တမ်းတစ်နှစ်တိုးရန် ကမ်းလှမ်းခွင့်ရှိသော်လည်း ကစားသမား၏ ဆုံးဖြတ်ချက်အပေါ်သာ အဓိကမူတည်နေသည်။

သို့သော် ပြင်သစ်သတင်းစာ L’Equipe က မက်ဆီနှင့် PSG အသင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရရှိသောကြောင့် လမ်းခွဲ ရန်နီးစပ်နေပြီဟု အတိအလင်းရေးသားခဲ့သည်။

သူ၏မိသားစုကလည်း ၂၀၂၁ ခုနှစ်တွင် PSG အသင်းသို့ မပြောင်းရွှေ့မီကစားသမားဘဝတစ်လျှောက်လုံး ဖြတ်သန်းခဲ့သည့် ဘာစီလိုနာသို့သာ ပြန်ရန်ဆန္ဒရှိနေကြောင်း သိရသည်။

PSG အသင်းသည် လာမည့်ရာသီတွင် FFP စည်းမျဉ်းနှင့်ကိုက်ညီရန်အတွက် မက်ဆီ၏ တစ်နှစ်လစာပေါင် (၂၅.၆)သန်းကို (၂၅)ရာခိုင်နှုန်း လျှော့ချရန်လိုအပ်နေသည့်အချက်ကလည်း မက်ဆီအသင်းမှထွက် ခွာရန် အဓိကအကြောင်းရင်းဖြစ်စေခဲ့သည်ဟုလည်း သတင်းများက သုံးသပ်ခဲ့ကြသည်။