လူသားတွေ လ မှာ အခြေချနိုင်ဖို့အတွက် နယူးကလီးယား စက်ရုံ တည်ဆောက်မယ့် Rolls-Royce

ဗြိတိန် အာကာသ အေဂျင်စီက အာကာသယာဉ်မှူးတွေ လ မှာ အခြေချနိုင်ဖို့ နယူးကလီးယား စက်ရုံ တည်ဆောက်မယ့် Rolls-Royce ရဲ့ သုတေသန စီမံကိန်းကို ထောက်ပံ့မယ်လို့ ကြေညာလိုက်ပါတယ်။

Rolls-Royce အင်ဂျင်နီယာတွေဟာ လ မှာ လူသားတွေ နေထိုင်နိုင်၊ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးမယ့် နည်းပညာကို ဖန်တီးဖို့ Micro-Reactor စီမံကိန်းကို ပြုလုပ်နေကြပါတယ်။

အာကာသ စူးစမ်းလေ့လာရေး စီမံကိန်း အားလုံးဟာ လူသားတွေ ဆက်သွယ်ဖို့၊ အသက်ရှင်ဖို့နဲ့ သိပ္ပံ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ စွမ်းအင် အပေါ်မှီခိုနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ အာကာသကို ခရီးသွားတဲ့အခါ အများစုဟာ နေရောင်ခြည် စွမ်းအင်ကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။

လ မှာ နယူးကလီးယား စက်ရုံ တည်ဆောက်မယ့် စီမံကိန်းကြောင့် လ မှာ လူသားတွေ အချိန်ကြာကြာနေကာ သုတေသနတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နယူးကလီးယား Micro-Reactor ဟာ တခြား စွမ်းအင် စနစ်တွေထက် အလွန် သေးငယ်ပြီး ပေါ့ပါးပါတယ်။ ဘယ်နေရာမှာ မဆို၊ ဘယ်လို ရာသီဥတု အခြေအနေမှာ မဆို စွမ်းအင်ကို တောက်လျှောက် ထုတ်လုပ်ပေးနိုင်ပါတယ်။

ဗြိတိန် အာကာသ အေဂျင်စီက ဒီစီမံကိန်းအတွက် စတာလင်ပေါင် ၂.၉ သန်း ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ လူသားတွေဟာ နယူးကလီးယား စွမ်းအင်နဲ့ လ မှာ နေထိုင်နိုင်ကြတော့မှာပါ။

Ref : inceptivemind