၂၀၂၂ ခုနှစ်အတွက် ဖီဖာ The Best အကောင်းဆုံးဆုကို မက်ဆီ ဆွတ်ခူး

အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ သတင်းတွေထွက်နေတဲ့အတိုင်း ၂၀၂၂ ခုနှစ်အတွက်  ဖီဖာ The Best အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွယ် မက်ဆီဟာ ပြင်သစ် တိုက်စစ်မှူးတွေဖြစ်တဲ့ ဘာပေးနဲ့ ဘန်ဇီးမားတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။ မက်ဆီဟာ အာဂျင်တီးနားအသင်းကို ၂၀၂၂ ခုနှစ်ကာတာကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်ခဲ့ပြီး ၂၀၂၁-၂၂ ရာသီမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ၄၆ပွဲမှာ ၂၇ ဂိုးသွင်းယူခဲ့ပါတယ်။  ဖီဖာ The Best အကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ်ဆွတ်ခူးခဲ့တဲ့ မက်ဆီက “အံ့သြစရာပါပဲ။ အလွန်ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဒီမှာရှိနေပြီး ဒီဆုကိုဆွတ်ခူးနိုင်ခဲ့တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ အသင်းဖော်တွေမရှိဘဲ ကျွန်တော်ဒီမှာရှိနေနိုင်မှာမဟုတ်ပါဘူး။ အချိန်ကြာကြာမျှော်လင့်ခဲ့တဲ့ ကျွန်တော့်ရဲ့အိပ်မက် အောင်မြင်ခဲ့ပါတယ်။ လူအနည်းငယ်သာ အဲဒီလို အောင်မြင်နိုင်ပါတယ်။ အဲဒီလိုလုပ်ဖို့ ကျွန်တော် ကံကောင်းခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ နည်းပြ စကာလိုနီကလည်း  ဖီဖာ The Best အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင်  ဖီဖာ The Best အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို စပိန်နဲ့ ဘာစီလိုနာကွင်းလယ်လူ ပူတဲလက်စ်နဲ့ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဆာရီနာဝီဂ်မန်းတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။