ပါတီဝင်သစ်(၄၆၀)ဦးအတွက် အဆိုပြုလွှာနှင့်ပါတီဝင်ကြေးစုပေါင်းပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌတက်ရောက်

နိုဝင်ဘာ ၇၊ ကန်ကြီးထောင့်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ပါတီရုံးခန်းမတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၀၉:၃၀ အချိန်မှ နေ့လည် ၁၁:၄၅ အချိန်ထိ ကျင်းပပြုလုပ်သော ပါတီဝင်သစ် (၄၆၀)ဦးအတွက် အဆိုပြုလွှာနှင့် ပါတီဝင်ကြေးစုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြောကြားရာတွင် ” ပါတီဝင်သစ်များအား ဝမ်းမြောက်စွာကြိုဆိုပါကြောင်းနှင့် ပါတီ၏အလံတော်အောက်တွင် ခြင်္သေ့စိတ်ဓာတ် ထားရှိဆောင်ရွက်ကြရန်၊ ပါတီ၏မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ချမှတ်ထားသော ရက် (၉၀) စီမံချက်အပေါ် ဆောင်ရွက်ရမည့်ကိစ္စများ၊ တောင်သူလယ်သမား / အလုပ်သမား စသည့်ကဏ္ဍများပါဝင်သော ရပ်ဝန်း (၈)ခုအား ဆောင်ရွက်နိုင်ရေးကိစ္စများ၊ ပါတီ၏စည်းရုံးရေးလုပ်ငန်းများကို အသွင်သစ်ဆက်ဆံရေးဖြင့် ဆောင်ရွက်နိုင်ရေးကိစ္စများ ” အား အကျယ်တဝံ့ ဆွေးနွေးခဲ့ပါသည်။

၎င်းနောက် ကန်ကြီးထောင့်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်နိုင်ဦးက မြို့နယ်အတွင်း ဆောင်ရွက်နေသော ပါတီလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ပါတီဝင်သစ်များထဲမှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့က ပါတီသို့ ဝင်ရောက်ရခြင်းအကြောင်းအား တင်ပြခဲ့ကြပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌမှ မြို့နယ်ပါတီဥက္ကဋ္ဌ၏ မေးမြန်းတင်ပြချက်များအ​ပေါ် တစ်ချက်ချင်းအား ပြန်လည်ဖြေကြားခဲ့ပြီး စည်းလုံးညီညွတ်စွာဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်အသစ်များ စုစုပေါင်း (၅၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။