ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင် နိုင်ငံရေးအရ ဆက်လက်ရှင်သန်ရေး ရုန်းကန်နေရ

ဝန်ကြီးအဖွဲ့ဝင်နှစ်ဦးက သူ့ရဲ့ ခေါင်းဆောင်မှုကို တိုက်ခိုက်ပြီး ရာထူးက နုတ်ထွက်သွားပြီးတဲ့နောက်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က နိုင်ငံရေးဆက်လက်ရှင်သန်ရေး တိုက်ပွဲဝင်နေရပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ရီရှီဆူနက်နဲ့ ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ် တို့က တစ်ဦးနဲ့ တစ်ဦး ဆယ်မိနစ်အတွင်းမှာ နုတ်ထွက်ခဲ့ပြီး ဒုတိယဝန်ကြီးနဲ့ လက်ထောက် အများအပြားလည်း နုတ်ထွက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်အတွက် အားလုံးပြီးဆုံးသွားပြီလို့ ဝေဖန်သူတွေကဆိုပြီး လေဘာပါတီကတော့ သူဦးဆောင်နေတဲ့ ပါတီက ခြစားနေပြီလို့ ပြောကြားပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးနေရာတွေကို အပြောင်းအလဲ ပြန်လုပ်ပြီး ဂျွန်ဆင်က ဝန်ကြီးချုပ်နေရာမှာ ဆက်လက်တာဝန်ယူဖို့ စီစဉ်ခဲ့ပါတယ်။

သူက ပညာရေးဝန်ကြီး နက်ဒင် ဇာဟာဝီကို ဘဏ္ဍာရေး ဝန်ကြီးနေရာပေးခဲ့ပြီး ဝန်ကြီးချုပ်ရုံး အရာရှိချုပ် စတိဗ်ဘာကလေကို ကျန်းမာရေးဝန်ကြီးနေရာ ခန့်အပ်ခဲ့ပါတယ်။ သူ့လက်ထက် အကြီးမားဆုံး ပြဿနာတွေကို ဖြေရှင်းနေရတဲ့ ဂျွန်ဆင်က ဗုဒ္ဒဟူးနေ့မှာပဲ အပတ်စဉ် ပြုလုပ်နေကျ ဝန်ကြီးချုပ်အတွက် မေးခွန်းများအစီအစဉ်မှာ လွှတ်တော်အမတ်တွေကို ရင်ဆိုင်ဖို့ရှိပြီး ထပ်မံဖိအားပေးခံရဖွယ်ရှိပါတယ်။

ဒါ့အပြင် သူက အစိုးရဲ့ မူဝါဒတွေကို ဝေဖန်ဆန်းစစ်တဲ့ Liaison Committee ကော်မတီ ရဲ့မေးခွန်းတွေကိုလည်း အထောက်အထားနဲ့ဖြေဆိုရပါဦးမယ်။ ဝန်ကြီးချုပ်က အမျိုးသားအကျိုးစီးပွားကို ရှေးရှုလုပ်ဆောင်နေတာ မဟုတ်ဘူးလို့ မစ္စတာ ဂျာဗစ်က သူ့ရဲ့နုတ်ထွက်စာမှာပြောကြားပြီး အစိုးရအဖွဲ့က စနစ်တကျ ၊ လေးလေးနက်နက်နဲ့ အရည်အချင်းပြည့်ပြည့်ဝဝနဲ့ အလုပ်လုပ်တာကို ပြည်သူလူထုကမျှော်လင့်ကြောင်း မစ္စတာ ဆူနက်ကလည်း ဝေဖန်ပြောကြားပါတယ်။

ကျန်တဲ့ ဝန်ကြီးတွေလည်း ရာထူးက နုတ်ထွက်ကြဖို့ အတိုက်အခံပါတီခေါင်ဆောင်တွေက ပြောကြားကြပါတယ်။ လေဘာပါတီခေါင်းဆောင် ဆာကီယာစတီမာကလည်း သူ့အနေနဲ့ ရှောင်တခင်ရွေးကောက်ပွဲအတွက် အသင့်ရှိကြောင်း ပြောပါတယ်။ ကွန်ဆာဗေးတစ် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ အန်ဒရူး ဘရစ်တန်ကလည်း ဝန်ကြီးချုပ်အနေနဲ့ ရာထူးကနုတ်ထွက်သင့်ပြီး သူမနုတ်ထွက်ရင် ပါတီက သူ့ကို အတင်းအကျပ် ထွက်ခိုင်းရလိမ့်မယ်လို့ ဘီဘီစီ သတင်းဌာနကိုပြောကြားပါတယ်။

-Ref:BBC