ဒလိုင်းလားမားကို အမေရိကန် လွှတ်တော်အမတ်များ သွားရောက်တွေ့ဆုံမှု တရုတ် ကန့်ကွက်

တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို အမေရိကန်လွှတ်တော်အမတ်တွေ သွားရောက်တွေ့ဆုံ တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က “အမေရိကန် လွှတ်တော်အမတ်တွေ ဒါရမ်ဆာလာကို သွားပြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံတာဟာ တိဘက်လွတ်လပ်ရေးကို ထောက်ခံကြောင်း ကမ္ဘာကို ပြသလိုက် တာပဲ ဖြစ်ပါတယ်။ အဲဒီအချက်ဟာ အမေရိကန်ပြည်ထောင်စုက တိဘက်လွတ်လပ်ရေးကို မထောက်ခံပါ ဘူးလို့ ပေးထားတဲ့ကတိနဲ့ သွားဆန့်ကျင်နေပါတယ်။ တရုတ်နိုင်ငံဟာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက် ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တိဘက်အရေးကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်အမတ်တွေကို ဂရုတစိုက် ကိုင်တွယ်စေလိုပါတယ်။ ဒလိုင်းလားမားနဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်ပြီး အနှုတ် လက္ခဏာဆောင်တဲ့ သက်ရောက်မှုကို ဖယ်ရှားမယ့် အစီအစဉ်တွေ ချက်ချင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

အမေရိကန် ဒီမိုကရက်တစ် လွှတ်တော်အမတ် နန်စီ ပယ်လိုစီ (Nancy Pelosi) နဲ့ အဖွဲ့ဟာ တိဘက်ဒေသက လူ့အခွင့်အရေးကိစ္စတွေကို ကမ္ဘာက အာရုံစိုက်မိစေဖို့ ဒလိုင်းလားမားကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

(DVB)