ယခုနှစ်အတွင်း WLC ပြိုင်ပွဲနှစ်ပွဲ ထပ်မံကျင်းပရန် စီစဉ်

WLC-5 မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင် ပိုလန်နိုင်ငံသားဆာလာဒိုက်နှင့် စောဘဦး ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − WLC)

 

ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ (WLC) ကို ယခုနှစ်အတွင်း နှစ်ပွဲထပ်မံ ကျင်းပရန် စီစဉ်ထားကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူဦးအောင်သူက ပြောသည်။

WLC-6 ပြိုင်ပွဲကို စက် တင်ဘာ (သို့မဟုတ်) အောက်တို ဘာ၌လည်းကောင်း WLC-7 ပြိုင်ပွဲကို ဒီဇင်ဘာတွင် နေပြည် တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရန် ညှိနှိုင်းထားကြောင်း ၎င်းကပြောသည်။

‘‘ဒီနှစ်ထဲမှာ WLC ပြိုင်ပွဲကို သုံးလတစ်ကြိမ် လေးပွဲလုပ်ဖို့အ ရင်ကတည်းက စီစဉ်ထားတာပါ။ အခုက နှစ်ပွဲပြီးသွားပြီဆိုတော့ နောက်နှစ်ပွဲကို ဆက်ကျင်းပဖို့ စီစဉ်မှာပါ။ ပွဲအားလုံးကိုတော့ နေပြည်တော်မှာပဲ လုပ်သွားမှာပါ။ ချန်ပီယံခါးပတ်လုပွဲတွေပါမှာ ဆိုပေမယ့် ဘယ်ဝိတ်တန်းတွေ ပါမလဲတော့ မသိသေးဘူး။ အနားနီးရင် အားလုံးကို သတင်းထုတ် ပြန်ပေးမှာပါ’’ ဟု ဦးအောင်သူက ပြောသည်။

ဇွန်လ ၂ ရက်က နေပြည်တော်၌ ကျင်းပသည့် WLC-5 ပြိုင်ပွဲတွင်  မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၌  ပိုလန်နိုင်ငံသား ဆာလာဒိုက်က မြန်မာ့လက်ဝှေ့ကျော် စောဘဦးကို စတုတ္ထအချီတွင် အလဲထိုးအနိုင်ရပြီး ချန်ပီယံခါးပတ် ရယူထားသည်။ 

လိုက်ဝယ်သာဝိတ်တန်း မြန်မာပြည် ချန်ပီယံလုပွဲ၌ ကျော်ဇင်လတ်က စောဒါဝိတ်ကို အမှတ်ဖြင့် အနိုင်ရပြီး  ချန်ပီယံခါးပတ် ရရှိထားသည်။

မြန်မာလက်ခမောင်း ကုမ္ပဏီက ကြီးမှူးကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲ (WLC) ကို ယခုနှစ် မတ်လ နှင့် ဇွန်လတွင် နှစ်ပွဲကျင်းပပြီး ဖြစ်ကာ ပရိသတ်အများအပြား လာရောက်အားပေးခဲ့သည်။

7Days