ဟဲဗီးဝိတ်ပြိုင်ပွဲအဖြစ် ဂျိုရွှာနှင့် နှစ်ကြိမ်ထိုးသတ်ရန် တိုင်ဆင်ဖျူရီ သဘောတူ

ဗြိတိန်ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံတိုင်ဆင်ဖျူရီနှင့် အန်တိုနီဂျိုရွှာတို့ လာမည့်နှစ်တွင် ထိုးသတ်ရန် သဘောတူညီမှု ရရှိပြီဖြစ်သည်။ WBC ချန်ပီယံဖျူရီက၎င်း၏ လူမှုမီဒီယာ အကောင့်မှတစ်ဆင့် ဗြိတိန်လက်ဝှေ့ရာဇဝင်တွင် အကြီးကျယ်ဆုံး ဖြစ်လာမည့်ပွဲကို ထိုးသတ်ရန်သဘောတူထားပြီဟု ကြေညာသည်။ အန်တိုနီဂျိုရွှာနှင့် တိုင်ဆင် ဖျူရီတို့လာမည့်နှစ်တွင် နှစ်ကြိမ်ထိုးသတ်ရန် သဘောတူလိုက်ပြီဟုဖျူရီက ရေးသားဖော်ပြသည်။

ဂျိုရွှာ၏ အစီအစဉ်မှူး အက်ဒီဟန်းက ယင်းသို့ ထိုးသတ်ရန် သတ်မှတ်ချက်များ သဘောတူထားကြောင်း အတည်ပြုပြီး ပထမ ပွဲသည် လာမည့်နွေရာသီတွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဂျိုရွှာသည် ဒီဇင်ဘာက အန်ဒီရုဇ်ဂျူနီယာနှင့် မကျေပွဲထိုးသတ်ကာ WBA, IBF, WBO နှင့် IBO ဟဲဗီးဝိတ်ချန်ပီယံဆုများ ရရှိခဲ့ပြီးနောက် အစွမ်းပြန်ပြနေသော်လည်း မန်ချက်စတာဖွားလက်ဝှေ့ ကျော် ဖျူရီသည် ၎င်း၏ နောက်ဆုံးပွဲကို အမေရိကန်တွင် ထိုးသတ်ရာတွင် ယခင်က ရှုံးပွဲမရှိသော ဝီလ်ဒါ ကို အသာစီးထိုးသတ်ကာ အနိုင်ရခဲ့သဖြင့် ဂျိုရွှာအနေဖြင့် ၎င်းကို ချေမှုန်းနိုင်မည်၊ မချေမှုန်းနိုင်မည်ဆိုသည်မှာ သံသယများ ရှိနေဆဲဖြစ်သည်။

ဖျူရီနျင့်ဂျိုရွှာတို့ ထိုးသတ်ရန် သတ်မှတ်ချက်များ သဘောတူပြီးဖြစ်သော်လည်း နေရာနှင့်ရက်စွဲများ အသေးစိတ်ကို မဆုံးဖြတ်ရသေးကြောင်း၊ စာချုပ်လက်မှတ်ရေးထိုးခြင်းလည်း မရှိသေးကြောင်း CNN သတင်းက ဖော်ပြသည်။   

-Ref:SkyNews/CNN