ကိုယ်စားလှယ် အဖွဲ့အပေါ် ဧည့်ဝတ်ကျေခဲ့သည့် တောင်ကိုရီးယားကို ကင်မ်ဂျုံအန်း ကျေးဇူးတင်

မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့အပေါ် အထူးတလည် ဧည့်ဝတ် ကျေပြွန်ခဲ့သည့် တောင်ကိုရီးယား၏ အပြုအမူအတွက် အထင်ကြီး ကျေးဇူးတင်မိကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ချီးကျူးခဲ့သည်။

ညီမဖြစ်သူ ကင်မ်ယိုဂျောင် ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဖြောင်ချန်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားသို့ သုံးရက်ကြာ သွားရောက်ခဲ့ပြီး  မြောက်ကိုရီးယားသို့ ပြန်လည် ရောက်ရှိချိန်တွင် ကင်မ်က ယခုလို မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက တောင်ကိုရီးယားသည် အိုလံပစ် ပွဲတော် ကာလအတွင်း မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့အပေါ် အထူးအလေးထား ဆက်ဆံခဲ့သည့်အတွက် ခေါင်းဆောင်ကြီး ကင်မ်က ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ကင်မ်၏ ဆွေမျိုးရင်းချာ တစ်ဦးအပါအဝင် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့က တောင်ကိုရီးယား ဆောင်းရာသီ အိုလံပစ်သို့ တက်ရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍတွင် အထူးထင်ရှားသည့် အချိုးအကွေ့တစ်ခု ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“ကိုယ်စားလှယ် အဖွဲ့ရဲ့ အစီရင်ခံမှုကို နားထောင်ပြီးချိန်မှာ ခေါင်းဆောင်ကြီးကင်မ်က အထူးတလည် ကျေနပ် ပီတိဖြစ်နေပါတယ်”ဟု ကေစီအန်အေက ဖော်ပြခဲ့သည်။

ကင်မ်၏ ညီမအရင်းနှင့် အာဏာရ အလုပ်သမား ပါတီ၏ ဝါဒဖြန့် စည်းရုံးရေးဌာန အကြီးအကဲ ကင်မ်ယိုဂျောင်၊ ပါတီ၏ ထိပ်သီး အရာရှိ တစ်ဦးဖြစ်သော ကင်မ်ယောင်နမ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၁၉၅၀ ပြည့်လွန်နှစ်များက ကိုရီးယား ကျွန်းဆွယ် စစ်ပွဲ ကာလအပြီး တောင်ကိုရီးယားသို့ ရောက်ရှိခဲ့သည့် အဆင့်အမြင့်ဆုံး မြောက်ကိုရီးယား သံတမန်များ ဖြစ်ခဲ့သည်။

လက်ရှိ အခြေအနေတွင် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမိုနွေးထွေးသည့် လားရာဘက်သို့ ဦးတည်နေသော်လည်း မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များနှင့် ဆက်စပ်၍မူ အခြေအနေ အပြောင်းအလဲများကို ခန့်မှန်းရန် ခက်ခဲနေဆဲ ဖြစ်သည်။ 

Ref: KCNA