ယခုရာသီအတွက် PFA အကောင်းဆုံးဆု ကွန်တေရရှိပြီး လူငယ်ဆုကို အယ်လီ နှစ်ကြိမ်ဆက်ဆွတ်ခူး

ဗြိတိန်အခြေစိုက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့ချုပ် (PFA) က ပေးအပ်ချီးမြှင့်သည့် ၂၀၁၆-၂၀၁၇ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ချယ်လ်ဆီးအသင်း၏ ပြင်သစ်ကွင်းလယ်လူ ကွန်တေနှင့် လူငယ်အကောင်းဆုံးဆုကို စပါးအသင်း၏ အင်္ဂလန်ကွင်းလယ်လူ အယ်လီက ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ယင်းဆုကို ပရီးမီးယားလိဂ်ကစားသမားများက မဲပေးရွေးချယ်ခြင်းဖြစ်ပြီး ဆန်ခါတင်စာရင်းတွင်ပါဝင်သူ ခြောက်ဦးအနက် ကွန်တေက ချယ်လ်ဆီးအသင်းဖော် ဟာဇက်၊ မန်ယူအသင်းတိုက်စစ်မှူး အီဘရာဟီ မိုဗစ်၊ အာဆင်နယ်အသင်းတိုက်စစ်မှူး ဆန်းချက်ဇ်၊ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း၊ အဲဗာတန်အသင်း တိုက်စစ်မှူး လူကာကူတို့ထက် မဲအများဆုံးရရှိကာ အကောင်းဆုံးဆုဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်သည်။

ကွန်တေသည် ပြီးခဲ့သည့် နွေရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းမှ ချယ်လ်ဆီးအသင်း သို့ ယူရို ၃၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ယခုရာသီတွင် ၃၁ ပွဲကစား တစ်ဂိုးသွင်းယူကာ အဓိက, ကစား သမားအဖြစ် ခြေစွမ်းပြကစားလျက်ရှိသည်။ ၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ် PFA အကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင်လည်း ပါဝင်ခဲ့ပြီး ယခုနှစ်တွင် အကောင်းဆုံးဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

ဆုပေးပွဲအခမ်းအနားကို ဧပြီ ၂၃ ရက်တွင် လန်ဒန်မြို့၌ကျင်းပခဲ့ပြီး ဆုလက်ခံရယူပြီးနောက် ကွန်တေက “ကစားသမားတွေကိုယ်တိုင် ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံးဆုက ကျွန်တော့်အတွက် အဓိပ္ပာယ် အများကြီးရှိပါတယ်။ ဒီဆုက တစ်ကမ္ဘာလုံးက ရွေးချယ်ပေးသလိုပါပဲ။ နှစ်ရာသီကာလအတွင်း ကောင်းမွန် တဲ့ပုံစံနဲ့ ဖြတ်သန်းနိုင်ခဲ့ပြီး တစ်ရာသီက လက်စတာအသင်းနဲ့ပါ။ ကျွန်တော်တို့အနေနဲ့ ချယ်လ်ဆီး အသင်းနဲ့လည်း ပုံစံကောင်းရနေပါတယ်။ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဖြစ်ခွင့်ရတာ ကြီးမြတ်တဲ့ ဂုဏ်ပြုမှုပါပဲ” ဟု ပြောကြားသည်။ # Eleven