မြောက်ကိုရီးယားကိစ္စ စိတ်ရှည်ဖို့ ဒေါ်နယ်ထရမ့်ကို တရုတ်သမ္မတ တိုက်တွန်း

ကိုရီးယားကျွန်းစွယ်ကို ဦးတည်နေတဲ့ အမေရိကန်စစ်သဘောင်္အုပ်စုရဲ့ လှုပ်ရှားမှုထဲ ဂျပန်ပူးပေါင်း ပါဝင် လာတဲ့အချိန်မှာ၊ မြောက်ကိုရီးယားကိစ္စကို စိတ်ရှည်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ဒီနေ့ တယ်လီဖုန်းကနေ တိုက်ရိုက်ပြောဆို တိုက်တွန်းလိုက်ပါတယ်။

ကိုရီးယားကျွန်းစွယ်မှာ အခြေအနေတင်းမာမှုတွေ ပိုများလာမယ့် လုပ်ရပ်တွေ ရှောင်နိုင်ဖို့နဲ့ လက်ရှိ အခြေအနေထက် ပိုဆိုးမသွားအောင် ထိန်းထားနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေပဲ လုပ်နိုင်မယ်လို့ တရုတ်အစိုးရက မျှော်လင့်တဲ့အကြောင်း သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။

နိုင်ငံတကာအခြေအနေတွေဟာ အချိန်နဲ့အမျှပြောင်းလဲနေပြီး၊ အမေရိကန်နဲ့တရုတ် အနီးကပ်ဆက်ဆံပြီး အခြေအနေကို ထိန်းထားဖို့ မဖြစ်မနေလုပ်ရမှာဖြစ်သလို၊ အရေးကြီးတဲ့အကြောင်း အရာတွေနဲ့ ပတ်သက် လို့ နှစ်ဖက်သဘောထားတွေကို အချိန်နဲ့တပြေးညီဆွေးနွေး နေရမယ်လို့ သမ္မတ ရှီကျင့်ဖျင်က သမ္မတ ထရမ့်ကို ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မြောက်ကိုရီးယားကို ဦးတည်နေတဲ့ အမေရိကန်စစ်သင်္ဘောအုပ်စု Carl Vinson နဲ့ ဂျပန်စစ်တပ်တို့ ပူးတွဲလေ့ကျင့်မှုနဲ့ပတ်သက်ပြီး သမ္မတထရမ့်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့လည်း တယ်လီဖုန်းနဲ့ ဒီနေ့ ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

# RFA