ပို့ဆောင်ရေးဝန်ဆောင်မှုများအတွက် ကမ္ဘာ့အရှည်ဆုံး ရထားလိုဏ်ခေါင်းကို စတင် အသုံးပြုတော့မည်

Gotthard မြေအောက် ဥမင်လိုဏ်ခေါင်းအား လပေါင်းများစွာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဆွစ်ဇာလန် ဖယ်ဒရယ်ပို့ဆောင်ရေးရုံးက မီးရထားများ လာမယ့်ရက်သတ္တပတ်မှာ အဆိုပါမြေအောက်လိုဏ်ခေါင်းကို အသုံးပြု ပြီး ခရီးသည်တင်ဆောင်မှုနှင့် ကုန်စည်ပို့ဆောင်မှုများ စတင်ပြုလုပ်နိုင်မှာဖြစ်ကြောင်း တနင်္လာနေ့ကပြောပါတယ်။

 

ကမ္ဘာ့အရှည်ဆုံး ရထားလိုဏ်ခေါင်းဟာ ဒီဇင်ဘာ ၁၁ ရက်မှာ လုပ်ငန်းများ စတင်လုပ်ဆောင်နိုင်တော့မှာဖြစ်ပြီး နေ့စဉ် ခရီးသည်တင်ရထား အစင်း ၅၀ နှင့် နောက်ထပ်ကုန်တင်ရထား အစင်း ၂၆၀ ပါ ဖြတ်သန်း အသုံးပြုမှာ ဖြစ်ပါတယ်။

၅၇ ကီလိုမီတာ ရှည်လျားပြီး ဆွစ်ဇာလန်နိုင်ငံရဲ့ သမိုင်းဝင် အဓိကနေရာမှာ တည်ရှိတဲ့ Gotthard မြေအောက် လိုဏ်ခေါင်းဟာ ၁၇နှစ်ကြာ တည်ဆောက်ပြီးနောက် ၂၀၁၆ ခုနှစ် ဇွန်လတွင် တရားဝင်ထုတ်ဖော်ပြသခဲ့ပါတယ်။

မြေအောက်လိုဏ်ခေါင်းဟာ အပေါ်ယံကျောက်လွှာများအောက် ၂,၃၀၀ မီတာ အနက်တွင် တည်ရှိပြီး ကမ္ဘာပေါ်မှာ အနက်ဆုံးဖြစ်သည်သာမက အရှည်ဆုံးနှင့် ကုန်ကျစရိတ်အများဆုံး မြေအောက်လိုဏ်ခေါင်းတစ်ခုလည်း ဖြစ် ပါတယ်။ အဆိုပါလိုဏ်ခေါင်းအား တည်ဆောက်ရန် ကန်ဒေါ်လာ ၁၂.၂ ဘီလီယံ ကုန်ကျခဲ့ကြောင်း သိရပါတယ်။

ဥရောပတိုက်ရဲ့ အဓိကကျတဲ့ ကုန်တင်သယ်ယူ ပို့ဆောင်မှု ကျောရိုးတစ်ခုဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံအတွက် အဆိုပါ လိုဏ်ခေါင်းဟာ အထူးသဖြင့် အရေးပါပြီး အဲလ်ပ်တောင်တန်းများကိုဖြတ်ကာ နှစ်စဉ် ရထားဖြင့် ကုန်စည် စီးဆင်းမှု တန် ၂၆ သန်းရှိတယ်လို့ ဆိုပါတယ်။

# Mizzima

 


Leave a Reply