မြန်မာနှင့်ပွဲအပါအ၀င် ခြေစမ်းပွဲများ၌ ရလဒ်ကောင်းများ ရရှိရန် အာရုံစိုက်မည်ဟု မလေးရှား နည်းပြ ပြော

45327837835

၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာနှင့်မလေးရှားအသင်း ယှဉ်ပြိုင်နေစဉ် ဓာတ်ပုံ−affsuzukicup.com

ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်ရေးအတွက် မြန်မာအသင်းနှင့် ယှဉ်ပြိုင်မည့် ခြေစမ်းပွဲအပါအ၀င် နိုင်ငံတကာခြေစမ်းပွဲများ၌ ရလဒ်ကောင်းများ ရရှိရန် အာရုံစိုက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မလေးရှား လက်ရွေးစင် အသင်းနည်းပြ အွန်ကင်ဆွီးကပြောကြားသည်။

လက်ရှိကမ္ဘာ့အဆင့်(၁၇၄) ၌ ရပ်တည်နေသည့် မလေးရှားအသင်းသည် မေလ ၂၈ ရက် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကမ္ဘာ့ အဆင့် (၁၆၇) နေရာ၌ ရပ်တည်နေသော မြန်မာ့လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားမည်ဖြစ် သည်။ ထို့အပြင် မလေးရှားအသင်းသည် အာရှဖလားအုပ်စု အဆင့်တက်ရောက်နိုင်ရေး ဇွန်လ ၂ ရက်နှင့်၇ ရက်တို့တွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

‘‘ဆူဇူကီးဖလားမတိုင်ခင်မှာ နိုင်ငံတကာ ခြေစမ်းပွဲ ခြောက်ပွဲ ကစားဖို့ ပြင်ဆင်ထားပါတယ်။ ဖီဖာအဆင့် ရပ်တည်မှုက ကျွန် တော်တို့အတွက် အရေးကြီးပါ တယ်။ မြန်မာနဲ့ပွဲအပါအ၀င် ပွဲတိုင်းကို အာရုံစိုက်ကစားမှာပါ။ ပထမဦး တီမောနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ ကြိုးပမ်းရမှာပါ။ ဒါမှ အာရှဖလားအုပ်စုအဆင့်ကိုတက် ရောက်နိုင်ပါမယ်’’ဟု အွန်ကင်ဆွီး ကပြောသည်။

မလေးရှားအသင်းသည် မြန်မာအသင်းနှင့် ခြေစမ်းပွဲအတွက် ကစားသမား ၂၅ ဦးကို မေလ ၁၈ ရက်က ထုတ်ပြန်ပြီး ၂၂ ရက်က စတင်လေ့ကျင့်ခဲ့သည်။ ထို့အတူ ပဏာမ ကစားသမား ၂၇ ဦးပါဝင် သည့် နည်းပြချုပ် ဂတ်ဖရိုင်း
၏ မြန်မာအသင်းသည် မလေးရှားနှင့် ခြေစမ်းပွဲအပါအ၀င် AYA Bank Cup လေးနိုင်ငံ ဖိတ်ခေါ်ဖလားပွဲ အတွက် မေလ ၂၄ ရက်က စတင် လေ့ကျင့်ခဲ့သည်။

 ‘‘မြန်မာပရိသတ်တွေက ဘယ်ပြိုင်ပွဲမဆို အနိုင်ရလဒ်ကိုပဲ လိုချင်ကြတာပါ။ ဒါဟာ သဘာဝကျပါတယ်။ နည်းပြတွေ အနေနဲ့ နည်းဗျူဟာပိုင်း စမ်းသပ်ခွင့်က ခြေစမ်းပွဲတွေမှာပဲ ရနိုင်တာပါ။ ဒါပေမဲ့ မလေးရှားခြေစမ်းပွဲနဲ့လေး နိုင်ငံ ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းဖို့ ပြင်ဆင်သွားမှာပါ’’ဟုဂတ်ဖရိုင်း ဒရစ်က ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်း နှင့် မလေးရှားလက်ရွေးစင်အသင်းတို့သည် ပြီးခဲ့သည့် ၂၀၁၄ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စုအဆင့်တွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ထားသည်။

(7 Daydaily)


Leave a Reply