ပရီးမီးယားလိဂ် မစတင်ခင် အသင်းသစ်ရှာဖွေရန် ရော်နယ်ဒို ဆုံးဖြတ်ထား

မန်ယူအသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ မစခင်မှာ အသင်းသစ်ရှာဖွေနိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပေမဲ့ အသင်းပြောင်းရွှေ့ဖို့သာ ဆန္ဒရှိနေပြီး လာမယ့်တနင်္ဂနွေနေ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် အသင်းသစ်ရှာဖွေဖို့ စီစဉ်ထားကြောင်း AS သတင်းမှာ ဖော်ပြပါတယ်။ ရော်နယ်ဒိုဟာ ဗလက်ကာနိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ ဒီရာသီအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခဲ့ပြီး ဒုတိယပိုင်းမှာ ဝင်ရောက် ကစားခဲ့ခြင်းမရှိဘဲ အနားပေးခံခဲ့ရပါတယ်။ အဲဒီနောက် ပွဲမပြီးခင် ကွင်းထဲကနေ ထွက်သွားခဲ့လို့ ဝေဖန်ခံခဲ့ရပါ သေးတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်လက်ကစားချင်နေပြီး အသင်းသစ်ရှာဖွေရာမှာလည်း ချန်ပီယံလိဂ်ကစားခွင့်ရမယ့် အသင်းကို ဦးစားပေး ပြောင်းရွှေ့မယ်လို့ သိရပါတယ်။

အမျိုးသမီးယူရိုပြိုင်ပွဲ ရွေဖိနပ်ဆုနဲ့ အကောင်းဆုံးကစားသမားဆုကို အင်္ဂလန်တိုက်စစ်မှူး ဘက်မက်ဒ် ရရှိ

ဥရောပအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံးဆုရရှိခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး ဘက်မက်ဒ်က ယူရို ၂၀၂၂ ရဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ မက်ဒ်က ဂျာမနီမှ တိုက်စစ်မှူး အလက်ဆန်ဒရာပေါ့နဲ့ ခြောက်ဂိုးချင်းတူနေပေမယ့်လည်း ဂိုးဖန်တီးမှုငါးကြိမ်လည်း လုပ်ဆောင်ခဲ့လို့ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူရို ၂၀၂၂ အမျိုးသမီး ဥရောပဖလား အင်္ဂလန်ဗိုလ်စွဲ

ယူရို ၂၀၂၂ အမျိုးသမီး ဥရောပဖလား ဘောလုံးပွဲမှာတော့ အင်္ဂလန်အမျိုးသမီးအသင်း ဗိုလ်စွဲပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဒါဟာ အင်္ဂလန်အမျိုးသမီးအသင်းအတွက်တော့ ဥရောပဖလားကို ပထမဆုံးအကြိမ် ရလိုက်တာဖြစ်ပါတယ်။

ဖိုင်နယ်ကို တနင်္ဂနွေနေ့က လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးမှာ အိမ်ရှင် အင်္ဂလန် နဲ့ ဂျာမနီတို့ ကစားကြတာမှာ အင်္ဂလန်က အချိန်ပိုမှာ ၂ ဂိုး ၁ ဂိုး နဲ့နိုင်ပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ၂ သင်းစလုံး ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် နောက်တန်း နဲ့ ဂိုးသမားတွေ ကာကွယ်နိုင်ခဲ့လို့ ဂိုးမရှိသရေဖြစ်ခဲ့ပါတယ်။

ကစားသမားဘ၀ (၁၀)လုံးမြောက်ဆုဖလားကို မာနေ ဆွတ်ခူးရရှိခဲ့ပြီး ဘိုင်ယန်အသင်းနှင့်အတူ ဆုဖလားများစွာ ရယူလိုကြောင်း ကြုံးဝါးခဲ့

ဆီနီဂေါနာမည်ကြီးတိုက်စစ်ကစားသမား မာနေသည် ဂျာမန်စူပါဖလားပွဲစဉ်တွင် အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ကစားသမားဘ၀ (၁၀)လုံးမြောက်ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းပွဲအပြီးတွင် မာနေက လက်ရှိကလပ် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဆုဖလားများစွာ ရယူသွားရန် ပစ်မှတ်ထားနေကြောင်း ကြုံးဝါးသွားခဲ့သည်။

ဇူလိုင်လ(၃၀)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်စူပါဖလားပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းအား လိုက်ပ်ဇစ်အသင်းအား (၅-၃)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး မာနေက (၃၁)မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို နာဘရီ၏ ဖန်တီးပေးမှုမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။

ယခုနွေရာသီ၌ မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်သမိုင်းတွင် ကစားသမားရောင်းချမှုမှ စံချိန်တင်ဝင်ငွေ ရရှိခဲ့

ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် မန်စီးတီးအသင်းသည် ယခုနွေရာသီတွင် အသင်းသမိုင်း တစ်လျှောက် ကစားသမားရောင်းချမှုမှ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း သိရှိရသည်။ မန်စီးတီးအသင်းသည် ယခုအပြောင်းအရွှေ့ကာလအတွင်း အသင်း၏ ထိပ်တန်းကစားသမား (၃)ဦးကို ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းများထံ ရောင်းချခဲ့ခြင်းအပါအဝင် စုစုပေါင်း ကစားသမားရောင်းချမှု (၁၀) ခုပြုလုပ်ခဲ့ရာ ပေါင် (၁၇၄)သန်း အထိ ရရှိခဲ့သည်။ မန်စီးတီးအသင်းသည် တောင်ပံကစားသမား စတာလင်အား ချယ်လ်ဆီးအသင်းထံသို့ ရောင်းထုတ်ခဲ့ပြီး ဂျေးဇူးနှင့် ဇင်ချန်ကိုတို့ကို အာဆင်နယ်အသင်းထံသို့ ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမား (၃)ဦးအတွက် ရောင်းချရမှုဝင်ငွေမှာ ပေါင် (၁၂၅)သန်းဝန်းကျင်ရှိခဲ့သည်။ စတာလင်အတွက် ချယ်လ်ဆီးအသင်းထံမှရရှိခဲ့သည့် ပြောင်းရွှေ့ကြေးငွေက အများဆုံးဖြစ်ပြီး အပိုထပ်ဆောင်း ကြေးများ မပါမီမှာပင် ပေါင် (၄၇.၅) သန်းအထိ ရှိနေသည်။ မန်စီးတီးအသင်းသည် စတာလင်အား လီဗာပူးလ်အသင်းထံမှ ပေါင်သန်း (၅၀)ဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

မာတီနက်ဇ်ကို ပေါင် ၅၇ သန်းဖြင့် မန်ယူခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် မန်ယူဟာ အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ပေါင် ၅၇ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် မာတီနက်ဇ်ဟာ ၂၀၁၉ ခုနှစ်မှာ နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းကို စတင်ရောက်ရှိခဲ့သလို အခုတော့ မန်ယူအသင်းမှာ နည်းပြ တန်ဟတ်နဲ့ ပြန်လက်တွဲခွင့် ရတော့မှာပါ။ မန်ယူအသင်းနဲ့အတူ (၅)နှစ်စာချုပ်ချုပ်ခဲ့တာကြောင့် မာတီနက်ဇ်အနေနဲ့ ၂၀၂၇ ခုနှစ်အထိ အိုးလ်ထရက်ဖို့ဒ်မှာ ရှိနေခွင့်ရခဲ့ပြီဖြစ်ပါတယ်။ ခမ်းနားတဲ့အသင်းကို ရောက်ရှိလာတာက ဂုဏ်ယူစရာဖြစ်သလို အချိန်ပေး ကြိုးစားအားထုတ်ခဲ့မှုတွေက အောင်မြင်မှုတွေရယူဖို့ အထောက်အပံ့ဖြစ်လာလိမ့်မယ်လို့ မာတီနက်ဇ် ကဖွင့်ဟခဲ့ပါတယ်။ အာဂျင်တီးနားကလပ်တွေဖြစ်တဲ့ နယူးဝဲလ်အိုးလ်ဘွိုင်းစ်နဲ့ ဒီဖန်ဆာတို့မှာ ကစားခဲ့တဲ့ မာတီနက်ဇ်ဟာ အေဂျက်ဇ်အတွက် ပွဲ ၁၂၀ ကစားပြီး ၆ ဂိုးသွင်းယူခဲ့သလို အာဂျင်တီးနားအသင်းအတွက်လည်း ၇ ပွဲ ပါဝင်ကစားခွင့်ရထားပါတယ်။

လက်ဝှေ့ဂန္ထဝင် မိုဟာမက်အလီ၏ WBC ရွှေခါးပတ်ကို ပေါင် ငါးသန်းကျော်ဖြင့် လေလံတင်ရောင်းချ

၁၉၇၄ ခုနှစ်တွင် လက်ဝှေ့ဂန္ထဝင် မိုဟာမက်အလီ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် WBC ဟဲဗီးဝိတ်ချန်ပီယံရွှေခါးပတ်ကို ပေါင် ၅ ဒသမ ၁၅ သန်းဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

လက်ဝှေ့သမိုင်းတစ်လျှောက် အထင်ရှားဆုံးပွဲတစ်ပွဲဖြစ်သည့် ” Rumble in the Jungle” ဟု ကျော်ကြားသော အဆိုပါလက်ဝှေ့ ပွဲကို အာဖရိကတိုက်ရှိ ဇိုင်ယာ(ယခု DR ကွန်ဂိုနိုင်ငံ)တွင် ပြုလုပ်ခဲ့ပြီး မိုဟာမက်အလီ က ပြိုင်ဘက် ဂျော့ချ်ဖိုမင်ကို ရှစ်ချီမြောက်တွင် အလဲထိုးဖြင့်အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်။

လက်ကျန်စာချုပ် ဖျက်သိမ်းပေးရန် စီရော်နယ်ဒို တောင်းဆို

မန်ယူနိုက်တက်အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တဲ့ စီရော်နယ်ဒိုဟာ အသင်းနဲ့ လက်ကျန် တနှစ်သက်တမ်းရှိစာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးခရီးစဉ်မှာလည်း လိုက်ပါခဲ့ခြင်းမရှိဘဲ အသင်းကနေ ထွက်ခွာဖို့ အေးဂျင့် မန်ဒက်စ်ကနေ တဆင့် ထွက်ခွာခွင့် တောင်းဆိုခဲ့ပါတယ်။ အသင်းဆီကို ပြန်ရောက်လာတဲ့ အချိန်မှာလည်း မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ တရားဝင်ဆွေးနွေးခဲ့ပြီး လက်ကျန်စာချုပ်ကို ဖျက်သိမ်းပြီး အသင်းပြောင်းရွှေ့ခွင့် ထပ်မံတောင်းဆိုခဲ့တာပါ။ မန်ယူအသင်းဘက်က အဖြေမပေးနိုင်သေးချိန်မှာ ရော်နယ်ဒိုကတော့ ပရော်ဖက်ရှင်နယ် ပီသစွာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ တဖက်မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကို အသင်းတွေက စီရော်နယ်ဒိုကို ခေါ်ယူမှာမဟုတ်ကြောင်း အတည်ပြုထားကြပါတယ်။