ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသမီး အားကစားသမားများ စာရင်းတွင် ဆရီနာဝီလျံ ဦးဆောင်
Forbes မဂ္ဂဇင်းက ထုတ်ပြန်သော ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားမယ် ၁၀ ဦးစာရင်းတွင် အမေရိကန် တင်းနစ်အကျော်အမော် ဆရီနာ ဝီလျံကဦးဆောင်ခဲ့ပြီး ၁၀ ဦးအနက် ရှစ်ဦးမှာ တင်းနစ်မယ်များ ဖြစ်သည်။
ဂရင်းဆလမ်ချန်ပီယံ ၂၃ ကြိမ်ရ ဆရီနာဝီလျံသည် ပြီးခဲ့သည့်နှစ်အတွင်း တင်းနစ်အားကစားမှ ဆုကြေးငွေ ဒေါ်လာ ၆၂,၀၀၀ သာ ရရှိသော်လည်း နာမည်ပုံရိပ်မှတစ်ဆင့် ဒေါ်လာ ၁၈ သန်း ဝင်ငွေရှာဖွေနိုင်ခဲ့သည်။
ဆရီနာဝီလျံသည် ပြီးခဲ့သည့်နှစ်က ကိုယ်ဝန်ဆောင်ခဲ့သောကြောင့် တင်းနစ်အားကစားနှင့် ၁၄ လကြာ ကွာဝေးခဲ့သဖြင့်ယင်း သို့ ဆုကြေးငွေနည်းပါးခြင်းဖြစ်သည်။
ကြက်တောင်ရိုက် အားကစားနည်းမှ ပီဗွီဆင်ဒူနှင့် ပြိုင်ကားမောင်းသမား ဒါနီကာပတ်ထရစ် တို့သည် ဝင်ငွေ အကောင်းဆုံး ထိပ်တန်း ၁၀ ဦး၌ ပါဝင်လာသည်။
Forbes မဂ္ဂဇင်းသည် ဇွန်လက ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ကစားသမား ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေဝယ်သာ က ထိပ်ဆုံးမှ ရပ်တည်ခဲ့ပြီး ၎င်းနောက်တွင် ဘာစီလိုနာကြယ်ပွင့် မက်ဆီနှင့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရော်နယ်ဒို က အစဉ်လိုက်ရပ်တည်ခဲ့သည်။
ယခုအမျိုးသမီးအားကစားသမား ၁၀ ဦးသည် ၂၀၁၇ ဇွန်လ မှ ၂၀၁၈ ဇွန်လအထိ စုစုပေါင်း ဒေါ်လာ ၁၀၅ သန်း ဝင်ငွေရရှိခဲ့သည်။
ယင်းဝင်ငွေပမာဏသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး လွန်ခဲ့သောငါးနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
ဒိန်းမတ်တင်းနစ်မယ် ကာရိုလိုင်းဝေါ့ဇနီယာကီက ယခုနှစ်အ စောပိုင်းတွင် သြစတြေးလျအိုးပင်း၌ ၎င်း၏ ပထမဆုံး ဂရင်းဆလမ်ဆုဖလားရရှိခဲ့ပြီးနောက် ယခုစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး စတီဖန်၊ ဂါဘရိုင်းမူဂါရူဇာ နှင့် ရှာရာပိုဗာတို့က တတိယ၊ စတုတ္ထနှင့် ပဉ္စမနေရာတွင် အသီးသီးရှိနေသည်။
ဆရီနာဝီလျံအစ်မ ဗီးနပ်စ် ဝီလျံက ဝင်ငွေဒေါ်လာ ၁၀ ဒသမ ၂ သန်းဖြင့် အဆင့် (၆) တွင် ရှိနေ ပြီး ပီဗွီဆင်ဒူက အဆင့် (၇) နှင့် ပက်ထရစ်က အဆင့် (၉) ၌ ရပ်တည်နေသည်။
—Ref:BBC