ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ယခုလကုန် အပြီးဖွဲ့စည်းနိုင်ရန် မျှော်မှန်း

ရပ်ကွက် (သို့မဟုတ်) ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ယခုလကုန် အပြီးဖွဲ့စည်းရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြောသည်။ လက်ရှိတွင် မြို့နယ်၊ ခရိုင် နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ကို အသစ်ပြန်လည် ဖွဲ့စည်းပြီး ရပ်ကွက်(သို့မဟုတ်) ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ထပ်မံဖွဲ့စည်းရန် ပြင်ဆင်နေသည်။

‘‘ရပ်ကျေးကတော့ တိုင်းဒေသကြီး၊ ပြည်နယ်က ပြန်ဖွဲ့ရမှာပေါ့။ တိုင်းဒေသကြီး၊ ပြည်နယ်က အခုမှပြီးတာကိုး။ ရပ်ကျေးက ဇန်နဝါရီလကုန်လောက် မှန်းတာပေါ့’’ဟု ဦးလှတင့်ကဆိုသည်။ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဇန်နဝါရီ ၁၅ ရက်၌ အပြီးသတ်ရွေးချယ်ခန့်အပ်နိုင်ရန် ညွှန်ကြားထားသဖြင့် ယင်းလုပ်ငန်းစဉ် ပြီးနောက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်ကျော်မိုး က ပြောကြားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများတွင် ယခင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖြင့် ပြုလုပ်ခဲ့ပြီး လက်ရှိ၌ ပြန်လည်အသစ်ဖွဲ့စည်းသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေ ခြင်းဖြစ်သည်။ ဒီချုပ်အစိုးရလက်ထက် ဒုတိယအကြိမ် ကြားဖြတ်ရွေး ကောက်ပွဲကို ၂၀၁၈ ဇွန်လနောက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည်။

ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းပြီးပါက သင်တန်းပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်း စသည့် လုပ်ငန်းစဉ်များ ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ရှင်းပြသည်။

 7day daily