မြန်မာ့နိုင်ငံရေး ဦးဆောင်မှုတွင် မျိုးဆက်သစ်များပါဝင်မှု မြှင့်တင်ရေး အလေးပေးဆောင်ရွက်မည်ဟု Generation Wave ထုတ်ပြန်

 

မြန်မာ့နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် မျိုးဆက်သစ်များ၏ ပါဝင်မှုမြှင့်တင်နိုင်ရေး အလေးပေး ဆောင်ရွက်မည်ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Ge-neration Wave) ၏ ၁၀ နှစ်ပြည့် နိုင်ငံရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

Generation Wave ကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီးတွင် ဖွဲ့စည်းတည်ထောင်ခဲ့ရာ ၁၀ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၉ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်၌ ကျင်းပခဲ့ သည်။ အခမ်းအနားသို့ ရွှေဝါရောင်သံဃာတော်များနှင့် ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအင်အားစုအသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့သည်။

‘‘Generation Wave ဟာ မျိုးဆက်ပေါင်းများစွာအထိ လှိုင်း တွေလို စီးဆင်းရိုက်ခတ်ရှင်သန် ရင်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ငြိမ်းချမ်းရေးကို ဒီမြေပေါ်မှာ အုတ်မြစ်ခိုင်ခိုင် စိုက်ထူသွားပါ မယ်’’ဟု Generation Wave အဖွဲ့ဝင်ဦးမိုဃ်းသွေးကကတိပြုသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဒီမိုကရေစီအင်အားစု များနှင့် တိုင်းရင်းသားအင်အားစုများ ညီညွတ်ရေး ပြန်လည်တည်ဆောက်ရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ကြေညာစာတမ်းတွင် ပါရှိ သည်။

စစ်မှန်သည့် တွေ့ဆုံဆွေး နွေးရေး အခင်းအကျင်းတစ်ရပ် ဖြစ်လာစေရေး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည် သုံးသပ်ရန်လည်း Generation Wave က တိုက်တွန်းသည်။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို အခြေပြုသည့် ငြိမ်းချမ်း ရေးဖြစ်စဉ်အတိုင်း ဆောင်ရွက်လျက်ရှိသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အများအပြားက ပါဝင်ခြင်းမရှိသည့် အ ခြေအနေတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တပ်မတော်၏ အခန်းကဏ္ဍနှင့် ဆုံးဖြတ်ပိုင်ခွင့်များက ကြီးမားလွန်း နေပြီး နိုင်ငံရေးဆွေးနွေးပွဲများ၏ တန်းတူညီမျှ ဆွေးနွေးအဖြေရှာမှုကို အကန့်အသတ်များ ဖြစ်ပေါ်စေကြောင်း Gene-ration Wave က ၎င်းတို့ အမြင်ကို ဖော်ပြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ် ခုလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက် ဘောင်များအတွင်း တည်ရှိနေသည့် အနေအထားဖြစ်သည်ဟု Gene-ration Wave က ဆို သည်။ လက်ရှိအာဏာရ အစိုးရအနေဖြင့် ၂၀၀၈ အခြေခံဥပဒေ၏ ကန့်သတ်မှုများကို ကျော်လွှား၍ အနာဂတ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အင်အားစုအားလုံးနှင့် တစ်စိတ်တည်း တစ်ဝမ်းတည်း လက်တွဲဆောင်ရွက်ရန်သည် လက်ရှိကာလ၏ မရှိမဖြစ်လိုအပ်ချက် ဖြစ်သည်ဟု Gene-ration Wave ၏ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

7day daily