ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်များ ဖက်စပ် လုပ်ခွင့်ပြုရန် ဗဟိုဘဏ်စီစဉ်

ဘဏ်လောက ဖွံ့ဖြိုးတိုးတက်ရေးအပြင် ပြည်တွင်းဘဏ်များ နည်းပညာရရှိရေးအတွက် နိုင်ငံခြားဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များ အကျိုးတူဖက်စပ်စနစ် ဆောင်ရွက်ခွင့်ပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။ 

ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားဘဏ်များနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ခွင့်ပေးခြင်းမှာ ပိုမိုကောင်းမွန် သည့်စနစ်ဖြစ်ပြီး လက်ရှိတွင် ယင်းစနစ်မရှိသောကြောင့် ပြည်တွင်း ပြည်ပ ငွေလွှဲပြောင်းပေးပို့ရာတွင် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြား သည်။

လက်ရှိတွင် ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားဘဏ်များနှင့် အကျိုးတူ ဖက်စပ်စနစ် လုပ်ကိုင်ခွင့် ပေး မထားသည့်အပြင် ရှယ်ယာများ ရောင်းချခွင့်ကိုလည်း ဗဟိုဘဏ်က ခွင့်ပြုထားခြင်းမရှိကြောင်း၊ ယင်းကိစ္စ များကို ဆောင်ရွက်မည်ဆိုပါက ကုမ္ပဏီဥပဒေအသစ်ထွက်ရှိမှ ရရှိမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောကြားသည်။

ယခု ပြင်ဆင်ရေးဆွဲထားသည့် ကုမ္ပဏီအက်ဥပဒေကြမ်းတွင် နိုင်ငံခြားသား ရှယ်ယာ ၃၅ ရာခိုင်နှုန်း ပါဝင် သော်လည်း မြန်မာကုမ္ပဏီအဖြစ် သတ်မှတ်မည်ဟုပါရှိပြီး ယင်းဥပဒေထွက်ပါက ကုမ္ပဏီအများစုမှာ နိုင်ငံခြားသား လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သည်။

လက်ရှိ ကျင့်သုံးနေသော မြန်မာကုမ္ပဏီဥပဒေတွင် နိုင်ငံခြားသား၏ ရှယ်ယာတစ်စု ပါဝင်ပါက နိုင်ငံခြားသားကုမ္ပဏီဟု သတ်မှတ်ခြင်းကြောင့် လုပ်ငန်းရှင် အများစုမှာ အခက်အခဲနှင့် ကြုံတွေ့ရသဖြင့် ဥပဒေအသစ်တွင် ပြင်ဆင်ရေးဆွဲလိုက်ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ထံမှ သိရသည်။

လက်ရှိ အခြေအနေ၌ ပြည်တွင်းဘဏ်များက ထုတ်လုပ်သည့် ငွေပေးချေကတ်များ သုံးစွဲရာတွင်လည်း နည်းပညာပိုင်း အားနည်းမှုများကြောင့် လစဉ်လကုန် ရက်ပိုင်း ATM စက်များမှ ငွေထုတ်ရသည့်အခါ အခက်အခဲများ ရှိကြောင်း၊ ပြည်တွင်းဘဏ်များက နိုင်ငံခြားဘဏ်များနှင့် တွဲဖက်လုပ်ကိုင်ခွင့် ရမည်ဆိုပါက ယင်းအခက်အခဲများကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း MPU ကတ်သုံးစွဲသည့် ကုမ္ပဏီဝန်ထမ်း ဒေါ်ရင်ရင်လှက ဆိုသည်။

# The Voice