နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စစ်တွေမြို့တွင် စုဝေး ဆန္ဒထုတ်ဖော်မှု ငါးရက်တိုင် ပြုလုပ်မည်ဟု သိရ

ရခိုင်ပြည်နယ်ရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်း နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင်ပေးရေးအတွက် မတ် ၂၀ ရက်မှ ၂၅ ရက်အထိ ငါးရက်တိုင် စုဝေးဆန္ဒပြ တောင်းဆိုမှုကို ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေဒေသခံတို့က စစ်တွေမြို့ ၀င်္ကဘာ ကွင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရခြင်းသည် မတ် ၁၉ ရက်က ရခိုင်ပြည်နယ်စစ်တွေမြို့ အပါအ၀င် မြို့အချို့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ပြီးနောက် ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ၂၀ ရက်မှ စတင်ကာ စုဝေး ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သော်လည်း လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် အနည်းငယ် ကသောင်းကနင်း ဖြစ်ခဲ့ကြောင်းနှင့် ဆက်လက်ပြီး စုဝေးဆန္ဒထုတ်ဖော်လျက်ရှိကြောင်း ဦးဆောင်အဖွဲ့မှ သိရသည်။

“ကျွန်တော်တို့က ထိုင်သပိတ်လုပ်တာလည်း မဟုတ်ဘူး။ အခုက စုဝေးဆန္ဒထုတ်ဖော်ခြင်းလုပ်တာဖြစ်ပါ တယ်။ ခွင့်ပြုချက်က ရတယ်လို့လည်း ပြောလို့ရတယ်။ ကျွန်တော်တို့က ငါးရက်ဆက်တိုက် လုပ်မယ်။ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ကွင်းထဲမှာ စုဝေးထိုင်ပြီး ကြွေးကြော်မယ်။ အစိုးရဘက်က ဘာမှ လုပ်ဆောင်မပေးဘူးဆိုရင် ဒီထက်ပြင်းထန်တဲ့ တောင်းဆိုဆန္ဒပြမှုတွေကို ဆက်လုပ်သွားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ အဓိကတော့ ၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ညီညွတ်မှု မရှိဘဲ အစိုးရက ဘင်္ဂါလီတွေကို နိုင်ငံသားကတ် ထုတ်ပေးထားတာကို ကန့်ကွက်ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” ဟု ဦးဆောင် ဆန္ဒထုတ် ဖော်ရာတွင် ပါဝင်သူ ဦးအောင်ဌေးက ပြောကြားသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့၌ နိုင်ငံသားကတ်များ ထုတ်ပေးရာတွင် ဥပဒေနှင့် မညီကြောင်းနှင့် ဒေသခံများ ပါဝင်ခွင့်ရရေးအပြင် တရားမ၀င် ပေးထားသော ကတ်များကိုလည်း ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုကန့်ကွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဥပဒေ ချိုးဖောက်သူအား တရားစွဲဆိုရေး ဒို့အရေး၊ ပြည်နယ်လ၀ကမှူးအား ချက်ချင်း ဖမ်း၊ တရားမ၀င် ထုတ်ပေးထားသောကတ်များအား ပြန်ရုပ်သိမ်းပေး၊ ကတ်လိမ်လည်ရယူထားသူ အရေးယူ၊ နိုင်ငံသားစိစစ်ရေး ကော်မတီတွင် ဒေသခံ ကိုယ်စားလှယ် ထည့်သွင်းပေးရေး ဒို့အရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်း စိစစ်ရေး ဒို့အရေး၊ ရခိုင်လူမျိုး တည်တံ့ရေး ဒို့အရေး၊ ရခိုင်ပြည်နယ် တည်တံ့ရေး ဒို့အရေး အစရှိသော ကြွေးကြော်မှုများဖြင့် တောင်းဆို ဆန္ဒပြခဲ့ကြသည်။

“နိုင်ငံသား ဥပဒေဆိုတာ ရှိခဲ့ပါလျက်နဲ့  ၃၅ နှစ်တိုင်တိုင် တိတိကျကျ လိုက်နာမှုမရှိဘဲ လုပ်ဆောင်နေ တာဟာ ရေရှည်ကာလမှာ ရခိုင်ပြည်ရဲ့ အနာဂတ်အတွက် တော်တော့်ကို ထိတ်လန့်စိုးရိမ်စရာ ဖြစ်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ အမှန်က ကျွန်တော်တို့ ဒီလောက်နဲ့ ရပ်တန့်မှာ မဟုတ်ဘူး။ ငါးရက်တိုင်တိုင်တော့ လုပ်မယ်။ အစိုးရက ဘာမှတုံ့ပြန်လာမှု မရှိဘူးဆိုရင်တော့ ပြန်ဆွေးနွေးပြီး ဒီထက်ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ လုပ်သွားမယ်လို့ စီစဉ်ထားတာ ရှိပါတယ်” ဟု ဦးအောင်ဌေးက ပြောကြားသည်။

# Eleven