၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုဖြစ်ပွားသူ နှစ်ဆခန့်အထိ တိုးလာနိုင်

လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးချိုရောဂါဖြစ်ပွားသူဦးရေသည် လက်ရှိအချိန်ထက်နှစ်ဆ မြင့်တက်လာနိုင်ကြောင်း ဆေးပညာအသိုင်းအဝိုင်းမှ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်ဟု theguardian.com တွင် ရေးသားဖော်ပြထားသည်။
လက်ရှိ ၂၀၂၃ ခုနှစ် အစောပိုင်း ကောက်ယူထားသည့် စာရင်းအချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် လူသေဆုံးခြင်းနှင့်မသန်စွမ်းမှုများဖြစ်စေသည့် အဓိကအကြောင်းရင်း ၁၀ ခုအနက် ဆီးချိုရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး လူပေါင်း ၂၅၉ သန်းခန့်သည် ဆီးချိုရောဂါဖြင့် အသက်ရှင် နေထိုင်နေကြရကြောင်း ဖော်ပြထားသည်။
ခန့်မှန်းချက်အသစ်အရ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုရောဂါ ဖြစ်ပွားနေသူ အရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၅၂၉ သန်းရှိခဲ့ရာမှ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၃ ဘီလီယံခန့်အထိပင် တိုးလာမည်ဟု ခန့်မှန်းထားသည်။ လာမည့်နှစ်ပေါင်း ၃၀ အတွင်း ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းသည် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှ ကျဆင်းသွားဖွယ်မရှိဟုဆိုသည်။
အဆိုပါ တွေ့ရှိချက်များကို The Lancet နှင့် The Lancet Diabetes & Endocrinology ဂျာနယ်များတွင် ဖော်ပြခဲ့သည်။
လူသားများအနေဖြင့် အဝလွန်ခြင်းသည် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာမှု၏ အဓိကနောက်ခံ အကြောင်းတရား တစ်ရပ်ဖြစ်သည်။
သို့သော် အခြားအကြောင်းရင်းများမှာမူ လူတို့၏အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့် ဖြစ်ပွားမှုများဖြစ်သည်ဟုဆိုသည်။
ဆေးပညာရပ်ဝန်း၏ လေ့လာမှုများအရ လာမည့် ၂၀၄၅ ခုနှစ်တွင် ဝင်ငွေအသင့်အတင့်နှင့် ဝင်ငွေနည်းပါးသောနိုင်ငံများ၏ လူငယ်သုံးပုံ တစ်ပုံခန့်သည် ဆီးချိုရောဂါကိုခံစားရလိမ့်မည်ဖြစ်ကြောင်းနှင့် ချမ်းသာသော နိုင်ငံများ၌ပင် ဆီးချိုဖြစ်ပွားမှုမှာ တစ်ဆခွဲခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ထို့ကြောင့်ဆီးချိုရောဂါကို တိုက်ဖျက်ရန်မှာ ရေရှည်စီမံကိန်းတစ်ရပ်ဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ဆီးချိုရောဂါအပေါ် အလေးထားအာရုံစိုက်မှုသည်လည်း လိုအပ်မည်ဖြစ်ကြောင်း Montefiore Medical Center မှ Dr.Shivani Agarwal က အကြံပြု ပြောဆိုထားသည်။