အာဂျင်တီးနားတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၂ အယ်လ်ကာရက်ဇ် ဗိုလ်စွဲ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် ၂ တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၁၂ တင်းနစ်ကစားသမား ကမ်မရွန်း နော်ရီကို ဖေဖော်ဝါရီ ၁၉ ရက်မှာ အနိုင်ရသွားပါတယ်။ ဒါဟာ စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ်အတွက် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံး ရယူနိုင်ခဲ့တဲ့ ချန်ပီယံဆု ဖြစ်လာပါတယ်။

ဖိုင်နယ်ပွဲစဉ် ပထမအကျော့မှာ အယ်ကာရက်ဇ်က လွှမ်းမိုးကစားနိုင်ခဲ့တာကြောင့် ဗြိတိန်တင်းနစ်ကစားသမား နော်ရီကို နာရီဝက်ကျော် အချိန်အတွင်းမှာတင် ၆-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၁၂ ဗြိတိန်ကစားသမားကလည်း ဒုတိယအကျော့မှာ လက်စွမ်းပြ ကစားလာခဲ့ပြီး တဖက်ပြိုင်ဘက်ရဲ့ စပေးရိုက်ချက်တွေကို တန်ပြန်နိုင်ခဲ့သလို အနိုင်ရရှိခါနီးအထိ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့တာပါ။

နောက်ဆုံးမှာတော့ အယ်လ်ကာရက်ဇ်ကပဲ ၇-၅ ရလဒ်နဲ့ ၂ ပွဲဆက် အနိုင်ယူကာ ဗျူနိုအေးရိစ်အိုးပင်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီလို ကမ္ဘာ့ထိပ်တန်းတင်းနစ်ကစားသမား ၂ ဦးရဲ့  ATP 250 ဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ကာရက်ဇ်က အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၂၅၀ ထပ်ပေါင်းထည့်နိုင်ခဲ့သလို ကမ္ဘာ့အဆင့် ရပ်တည်မှုမှာလည်း အဆင့် ၁ နေရာက နိုဗက်ခ် ဂျိုကိုဗစ်နဲ့ ရမှတ် ၅၉၀ သာ ကွာဟတော့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၂ တင်းနစ်ကစားသမားဟာ လာမယ့်အင်္ဂါနေ့မှာ ရီယိုအိုးပင်းပြိုင်ပွဲကို ဘရာဇီးလ်နိုင်ငံမှာ ဆက်လက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။