အမေရိကန်နှင့် ဂျပန် ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစင်းဟာ ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ထဲကို ကျရောက်ခဲ့ပြီးနောက် အမေရိကန်နဲ့ ဂျပန်စစ်တပ်တို့အကြား လေကြောင်းဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၉ ရက်က လုပ်ဆောင်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ပြောပါတယ်။ ဒါဟာ ဂျပန်နိုင်ငံအနီး ပတ်ဝန်းကျင်မှာ လုံခြုံရေးအခြေအနေ ပိုမိုပြင်းထန်လာတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီလို နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုဟာ “ဂျပန်-အမေရိကန် မဟာမိတ်နှစ်နိုင်ငံကြားက တုံ့ပြန်နိုင်စွမ်းနဲ့ ဟန့်တားနိုင်စွမ်းတွေကို ပိုမိုခိုင်မာလာစေမှာဖြစ်တယ်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်တပ်ဘက်က B-1B ဗုံးကြဲလေယာဉ် ၂ စင်းနဲ့ F-16 တိုက်လေယာဉ် ၄ စင်းတို့ ပါဝင်ပြီး ဂျပန်နိုင်ငံဘက်က F-15 တိုက်လေယာဉ် ၃ စင်း ပါဝင်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာ မြောက်ကိုးရီးယားနိုင်ငံက အရှေ့ဘက်ကမ်းရိုးတန်းအလွန် ပင်လယ်ပြင်ကို နောက်ထပ် ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်ခတ်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေ အနေနဲ့ ဒီစစ်ရေးလေ့ကျင့်မှုတွေကို ရပ်တန်ဖို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူက သတိပေး ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ ပါဝင်တဲ့ ကင်မ်ယိုဂျုံဟာ သီးခြား နျူးကလီးယားနိုင်ငံတခုအနေနဲ့ ပစိဖိတ်ပင်လယ်ပြင်ကိုပါ “ပစ်ကွင်း” အဖြစ် ပြောင်းလဲပစ်နိုင်တယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။ dvb