ကိုဗစ်မျိုးကွဲအသစ်များမှာ ဒယ်လ်တာမျိုးကွဲကဲ့သို့ ဗီဇပြောင်းလဲသယ်ဆောင်ပြီး အဆုတ်သို့အလွယ်တကူ ပျံ့နှံ့နိုင် ကြောင်း WHO သတိပေး

အိုမီခရွန်မျိုးကွဲ BA.4 နှင့် BA.5 တို့သည် စိုးရိမ်ဖွယ်ရာမျိုးကွဲများဖြစ်ပြီး ၎င်းမှာ ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့နိုင်သည်ဟု ယူဆထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာသည်။မျိုးကွဲအသစ်နှစ်ခုစလုံးသည် ဒယ်လ်တာကဲ့သို့  L452R ဗီဇပြောင်းလဲမှုကို သယ်ဆောင်ထားသောကြောင့် အဆုတ်သို့ အလွယ်တကူ ပျံ့နှံ့သွားနိုင်သည် ဟုဆိုသည်။

ထို့ကြောင့် အဆိုပါမျိုးကွဲများမှာ အဆုတ်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး BA.1 နှင့် BA.2 တို့နှင့်မတူဘဲ အသက်ရှုလမ်းကြောင်း အထက်ပိုင်းတွင် ပိုမိုလွယ်ကူစွာ ပျံ့နှံ့စေနိုင်ကြောင်း WHO ကပြောသည်။BA.4 နှင့် BA.5 တို့သည် လူ၏ကိုယ်ခံစွမ်းအားကို ရှောင်လွှဲနိုင်ပြီး ပဋိဇီဝပစ္စည်းများကို ခုခံနိုင်သောကြောင့် ကာကွယ်ဆေးများ ထိုးထားသူများတွင်ပင် ထပ်မံကူးစက်နိုင်သည်ဟု WHO ကပြောသည်။

ယင်းအပြင် အိုမီခရွန်သည် အခြားမျိုးကွဲများထက် ငါးဆပိုမိုမြင့်မားစွာ ကူးစက်နိုင်သည်ဟု WHO ထပ်မံပြောကြားခဲ့သည်။ရောဂါကူးစက်ခံထားရသူများသည် ရောဂါအစပျိုးချိန်တွင် ပင်ပန်းနွမ်းနယ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အဖျားတက်ခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် လက္ခဏာများ ခံစားရမည်ဖြစ်သည်။

ထိုအတောအတွင်း အိုမီခရွန်မျိုးကွဲကြောင့် ရောဂါ ခံစားရသည့်ကာလမှာ ပျမ်းမျှအားဖြင့် ခုနစ်ရက်ဝန်းကျင် ဖြစ်ပြီး အခြားမျိုးကွဲများထက် ၁၂ နာရီမှ တစ်ရက်အထိ ပိုမိုမြန်ဆန်စွာ ရောဂါခံစားသည်ဟု ရာမသီဗောဓိ ဆေးရုံမှ ဒုတိယညွှန်ကြားရေးမှူးလက်ထောက်ပါမောက္ခ ဒေါက်တာခွန်ထာန်မလာသန် ဆိုသည်။

ကူးစက်ခံရသူများသည် မည်သည့်ရောဂါလက္ခဏာမပြမီ နှစ်ရက်အတွင်း အခြားသူများကို ကူးစက်နိုင်ပြီး ရောဂါလက္ခဏာများပေါ်လာပြီးနောက် ပထမဆုံးရက်မှာ ကူးစက်ရန် အန္တရာယ်အရှိဆုံးကာလဖြစ်ကြောင်း ၎င်းက ပြောသည်။ယင်းနောက် ငါးရက်အကြာ ရောဂါလက္ခဏာခံစားရပြီးနောက် ကူးစက်ပျံ့နှံ့မှုလျော့နည်းသွားမည်ဖြစ်ပြီး ၁၀ ရက်အကြာတွင် သိသိသာသာ လျော့နည်းသွားမည်ဟု ၎င်းကဆက်လက်ပြောသည်။

အကယ်၍ ကူးစက်ခံထားရသူနှင့်ထိတွေ့ဆက်ဆံခဲ့ပါက ထိုလူနှင့်မည်မျှနီးနီးကပ်ကပ်ထိတွေ့ထားသည်ကို ထည့်သွင်းစဉ်းစားရန် ခွန်ထာန်ကအကြံပြုထားသည်။ပိုးရှိသူနှင့်အနီးကပ်ထိတွေ့ပြီး နှစ်ရက်အကြာပြီးနောက် ထိုလူတွင် ရောဂါလက္ခဏာများပြသလာပါက မိမိကို ကူးစက်ရန်အခွင့်အလမ်းများပြီး အနီးကပ် ထိတွေ့ပြီးနောက် တစ်ပတ်အကြာတွင် ရောဂါ လက္ခဏာများပြပါက ကူးစက်နိုင်ခြေနည်းပါးသည်။

သို့သော်လည်းနှစ်ပတ်ကျော်ပြီးမှ အနီးကပ်ထိတွေ့ခြင်းက ပို၍စိတ်ချရမည်ဟု ခွန်ထာန်က ဆိုသည်။ကူးစက်ရန်အန္တရာယ်ရှိသောကာလသည် မည်သည့်ရောဂါလက္ခဏာမှမခံစားရမီ နှစ်ရက်နှင့် ၁၀ ရက် အကြားတွင်ဖြစ်ပြီး သို့သော်လည်း နီးကပ်စွာမနေဘဲ စကားပြောခြင်းနှင့် နှာခေါင်းစည်းတပ်ခြင်းတို့မှာ အန္တရာယ်မရှိနိုင်ဟု ၎င်းကထပ်လောင်းပြောသည်။မိမိအနေနှင့်ရောဂါရှိသူနှင့် ထိတွေ့ပြီးနောက် သုံးရက်နှင့် ငါးရက်မြောက်ရက်များတွင် ATK စမ်းသပ်မှု နှစ်ကြိမ် ပြုလုပ်ရန် ၎င်းကအကြံပြုထားသည်။

ယခင်က ရောဂါပိုးရှိသူအတွက် သီးခြားခွဲထားချိန်မှာ နှစ်ပတ်ဖြစ်သော်လည်း နောက်ပိုင်းတွင် ရောဂါလက္ခဏာများ ပေါ်လာသည့်နေ့မှစ၍ ဆယ်ရက်သို့ လျှော့ချခဲ့သည်။

_Ref: The Nation