အောင်လအန်ဆန်နှင့် ရင်ဆိုင်မည့် ချန်ပီယံလုပွဲက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ကန်ဟက်ဆီဂါဝါဆို

MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ရင်ဆိုင်မည့်ပွဲသည် ဘ၀အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါက One Championship အား ပြော သည်။

အဆိုပါချန်ပီယံလုပွဲကို ဇွန် လ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်ပြီး ကန်ဟက်ဆီဂါဝါ၏ ပထမဆုံးအကြိမ် One Championship (MMA) ပြိုင်ပွဲသို့ ၀င်ရောက်ထိုးသတ်ခြင်း လည်းဖြစ်သည်။

‘‘မွေးရပ်မြေဖြစ်တဲ့ သူ့နိုင်ငံမှာ အဲဒီနိုင်ငံရဲ့ ဟီးရိုးတစ်ယောက် ဖြစ်တဲ့ အောင်လအန်ဆန်နဲ့ ထိုးသတ်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ အောင်လက အရမ်းကြံ့ ခိုင်ပြီး အင်အားကောင်းတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ ဒါက ကျွန်တော့်ဘ၀အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါ။ အပြင်းထန်ဆုံးပြိုင်ပွဲတစ်ခုလည်း ဖြစ်လာ နိုင်ပါတယ်’’ဟု ကန်ဟက်ဆီ ဂါဝါက ပြောသည်။

အောင်လအန်ဆန်သည် မူလက ဘရာဇီးနိုင်ငံသား လီအန် ဒရိုနှင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ခဲ့ပြီး လီအန်ဒရို၏ ဒဏ်ရာပြဿ နာကြောင့် ပြိုင်ဘက်ပြောင်းလဲ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ကန် ဟက်ဆီဂါဝါသည် ၂၀၁၀ ပြည့်နှစ်က စတင်ကာ ဂျပန်နိုင်ငံ၏ MMA ပြိုင်ပွဲများဖြစ်သည့် Deep နှင့် Rizin ပွဲများ၌ ထိုးသတ်ခဲ့ပြီး Deep MMA အလွတ်တန်းချန်ပီယံဖြစ်သည်။ အောင်လအန်ဆန် နှင့် ရင်ဆိုင်မည့် ပြိုင်ပွဲအတွက် နပန်းအားကစားနည်းကို လေ့ကျင့် ပြင်ဆင်ထားကြောင်း ကန် ဟက်ဆီဂါဝါက ဆိုသည်။

‘‘ဒီပွဲအတွက် နပန်းနဲ့ ချုပ်တဲ့နည်းကို လေ့ကျင့်ထားတယ်။ အောင်လရဲ့ အရင်ပြိုင်ဘက်တွေ နဲ့ မတူတာက ကျွန်တော့်စိတ်ကပို ပြီးတော့ ကြံ့ခိုင်တယ်။ ခံနိုင်ရည် ရှိတယ်။ ကျွန်တော့်ရဲ့ Game Plan ကိုတော့ ပြိုင်ပွဲမတိုင်ခင် မပြော ချင်ပါဘူး။ ပြိုင်ပွဲအတွက် နေ့တိုင်းအရှိန်အဟုန်ပြင်းပြင်းနဲ့ လေ့ကျင့်ထားတာကို ဒီပွဲမှာ တွေ့ရမှာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ အောင်လရဲ့ လည်ပင်းကို နောက်က သိုင်းချုပ်ပြီး အဆုံးသတ်ချင်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

အသက် (၃၁) နှစ်အရွယ် ကန်ဟက်ဆီဂါဝါသည် MMA ပြိုင်ပွဲ ၁၉ ပွဲ ထိုးသတ်ခဲ့ကာ ၁၆ ပွဲ နိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ် ရရှိထားသည်။ မြန်မာ့စပါးအုံးဟု ကျော်ကြားသည့် အောင်လအန် ဆန်သည် ၂၀၁၇ ဇွန်လ ၃၀ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန် ပီယံလုပွဲ၌ ရုရှားနိုင်ငံသား ဘစ်တာလီ ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။

ထို့နောက် ယခုနှစ်ဖေဖော်ဝါ ရီ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ဘရာဇီး နိုင်ငံသား မာချာဒိုကို ၅၆ စက္ကန့်၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ထပ်မံရရှိ သည်။ (၃၃)နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ် လျှောက် ၃၂ ပွဲ ယှဉ်ပြိုင်ပြီး ၂၂ ပွဲ နိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။  7Days