နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်ရေး ဂျပန်လွှတ်တော်က ဥပဒေသစ်ပြဋ္ဌာန်း

ဂျပန်နိုင်ငံ၌ ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှုကို မြှင့်တင် အားပေးမည့် ဥပဒေတစ်ရပ် ပေါ်ထွန်းလာပြီဖြစ်ကြောင်း၊ နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု နည်းပါးနေဆဲဖြစ်သော ဂျပန်နိုင်ငံ၌ အမျိုးသားနှင့် အမျိုးသမီး သာတူညီမျှမှုရှိရေးအတွက် ယင်းဥပဒေမှာ အရေးကြီးလှကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ယနေ့တွင် သတင်းထုတ်ပြန်သည်။

ပါလီမန်က ယနေ့တွင် အတည်ပြုပေးသော ဥပဒေသစ်အရ နိုင်ငံရေးပါတီများသည် အမျိုးသားကိုယ်စားလှယ် လောင်းများနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများဦးရေကို တတ်နိုင်သမျှ အညီအမျှ ဖြစ်စေရေးအတွက် အလေးထားကြရန် တိုက်တွန်းထားပြီး အမျိုးသားနှင့် အမျိုးသမီး သာတူညီမှုရှိရေးအတွက် ရည်မှန်းချက်များ ချမှတ် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

သို့ရာတွင် အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိသော နိုင်ငံရေးပါတီများအား အရေးယူအပြစ်ပေးရန် လည်းကောင်း၊ အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်လာစေရေးအတွက် နိုင်ငံရေးပါတီများအား မက်လုံးပေးရန် လည်းကောင်း ယင်းဥပဒေတွင် ဖော်ပြထားခြင်း မရှိပေ။

အလုပ်သမားအင်အားစု ပိုမိုနည်းပါးလာသည့် အခြေအနေမှ ကျော်လွှားလွန်မြောက်နိုင်ရေးအတွက် ကြိုးပမ်း နေစဉ်တွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့က နိုင်ငံတော်၏ လုပ်သား အင်အားစုတွင် အမျိုးသမီးဦးရေ တိုးလာရန် ရည်ရွယ်သည့်မူဝါဒသစ်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။

သို့ရာတွင် ပါလီမန်ရှိ အောက်လွှတ်တော်အမတ် ၄၆၅ ဦးအနက် ၄၇ ဦးသာလျှင် အမျိုးသမီးများဖြစ်ကြကြောင်း၊ အစိုးရအဖွဲ့အတွင်း အမျိုးသမီးများ ကိုယ်စားပြုပါဝင်နိုင်မှုအရ အဆင့်အတန်း သတ်မှတ်ရလျှင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဂန်ဘီယာနိုင်ငံတို့၏ နောက်ဘက်တွင် ရှိနေကြောင်း ပါလီမန်ချင်းဆက်ဆံရေးသမဂ္ဂက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ၌ လာမည့်နှစ် ဧပြီလတွင် ဒေသဆိုင်ရာရွေးကောက်ပွဲများ ကျင်းပရန်လည်းကောင်း၊ ဇူလိုင်လတွင် အထက်လွှတ်တော် ရွေးကောက်ပွဲ ကျင်းပရန်လည်းကောင်း စီစဉ်ထားသည်။

Source : AFP/ Myanmaalinn