ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ရွှေခါးပတ်လုပွဲ နေပြည်တော်တွင် ပထမဆုံးအကြိမ် ကျင်းပမည်

၎ ကြိမ်မြောက် ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC-4) ရိုးရာလက်ဝှေ့ချန်ပီယံ ရွှေခါးပတ်လုပွဲစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံမှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ စုစုပေါင်းတွဲဆိုင်း ၇ ဆိုင်း ပါဝင်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်း လက်ရှိချန်ပီယံ တူးတူးကို ယူကရိန်းက ဗက်စ်ဆယ်ဆိုရိုကင်က စိန်ခေါ်ထိုးသတ်မှာပါ။

မွေထိုင်းလက်ဝှေ့ကျော်တဦးဖြစ်တဲ့ ဆိုရိုကင်ဟာ အသက် ၁၉ နှစ်ပဲရှိသေးပြီး ယူကရိန်း ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲနဲ့ ထိုင်းနိုင်ငံမှာကျင်းပတဲ့ လက်ဝှေ့ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုးသတ်ခဲ့တဲ့ ထိုင်းဖိုက်ပြိုင်ပွဲမှာ ထိုင်းလက်ဝှေ့ကျော် ဆူစခွန်ကို အနိုင်ရထားပါတယ်။

တခြားပွဲစဉ်တွေအဖြစ် သပြေညိုနဲ့ စောဘဦး၊ ဗထူးမောင်နဲ့ ကျော်ဇင်လတ်၊ စောဒါဝိတ်နဲ့ ပတ်ကျော်လင်းနိုင်၊ ချစ်မောင်မောင်နဲ့ စည်သူ၊ သွေးသစ်မောင်နဲ့ လက်သီးမိုး၊ အမျိုးသမီးပွဲစဉ်အဖြစ် ရွှေစင်မင်းနဲ့ ကမ္ဘောဒီးယားက အာရန်နက်တို့က ဝိတ်တန်းအလိုက် ရွှေခါးပတ်ချန်ပီယံလုပွဲတွေအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။

ပြိုင်ပွဲအမည်ကို WLC-4 BARE-KNUCKLE KING လို့ သတ်မှတ်ထားပြီး လက်မှတ်ဈေးနှုန်းတွေကိုတော့ ပွဲမတိုင်ခင်မှာ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

(DVB)