၂၁ ရာစုပင်လုံညီလာခံ အတည်ပြုချက်များဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အစိုးရမူဝါဒများ ပြင်ဆင်ရေး ဆောင်ရွက်မည်

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် သဘောတူ အတည်ပြုချက်များကို ပြည်ထောင်စုသဘောတူစာချုပ်ချုပ်ဆို၍ ယင်းစာချုပ်ပါအချက်များဖြင့် တည်ဆဲဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အစိုးရမူဝါဒများပြင် ဆင်ရေးလုပ်ဆောင်မည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား သည်။

နေပြည်တော်တွင်မေလ ၁၂ ရက်က ကျင်းပသည့် ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၌ ဖက်ဒရယ်ဆိုင်ရာ သဘောတူညီချက်များ အပါအ၀င် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့် ပတ်သက်၍ အချက်ပေါင်း ၄၁ ချက်ကို ၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေးမည့်အကြောင်း အရာများအဖြစ် သဘောတူညီခဲ့ သည်။

‘‘အခု UPDJC က ဆောင်ရွက်တယ်။ ပြီးရင် ညီလာခံမှာ ဆက်ပြီးဆွေးနွေးမယ့် အခြေခံမူ ၀ါဒတွေသည် ဖက်ဒရယ်အခြေခံ မူဝါဒတွေဖြစ်တယ်။ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေလိုဟာမျိုးတွေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို ဟာမျိုးတွေ၊ တန်းတူရေးလိုဟာမျိုးတွေ၊ ဒါတွေကို အချက်လိုက်အချက်လိုက် အခြေခံမူတွေအဖြစ် စဉ်းစားတဲ့ အပေါ်မှာ အသေးစိတ် အများကြီး ဆက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဘောင်ထဲက  ကိုယ်ပိုင် အခြေခံ ဥပဒေဆွဲရင် ဘာရမှာလဲဆိုတဲ့ ဝေဖန်မှုတွေရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့ပြောချင်တာက ၂၀၀၈ အခြေခံ ဥပဒေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေးမထားဘူး။ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အပိုင်း တွေမှာလည်း သဘောတရားတွေမတူဘူး။ ကျွန်တော်တို့ဟာ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမှာ။ တစ်ချိန်တည်းမှာပဲ ဒီအခြေခံမူတွေ ညီလာခံမှာအတည်ပြုပြီးသွားရင် ပြည်ထောင်စုစာချုပ်ချုပ်ဆိုတဲ့ အဆင့်ထိ သွားမှာ’’ ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိအစိုးရသစ်အနေဖြင့် တစ်ဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်ရပ်စဲရေး သဘောတူညီမှုရရှိပြီး NCA လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင် NCA လက်မှတ်ထိုး ထားသည့် အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်များ အကောင်အထည်ဖော်နေသည့် အနေအထားဖြစ်သည် ဟု ၎င်းက ဆိုသည်။

ထိုသို့ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးနေရပြီး တပ်မတော်နှင့် ဆွေးနွေးညှိနှိုင်းလုပ်ဆောင်နေရသည်ဟု ဦးဇော်ဌေးက ပြောသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်အဖြစ်ထွက်ပေါ်လာသည့် သဘောတူညီချက်များနှင့်အညီ ပြင်ဆင်မည် ဖြစ်၍ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များတွင် အ မြန်ဆုံးပါဝင်လာရန်လိုသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် UPDJC အစည်း အဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန်ဆိုသည့် နိုင်ငံရေးဆိုင် ရာသဘောတူညီချက်ကို လာမည့် မေလ ၂၄ ရက်တွင် စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံတွင် ဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့သည်။ ‘‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်တိုင်းရဲ့ အခြေခံဥပဒေတွေ ရေးဆွဲခွင့် တွေက ဒါက၀မ်းသာစရာသတင်းစကားလို့ ပြောလို့ရမယ်။ အဲဒီအချက်အလက်တွေကို ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောတူညီမှု။ အဲဒါတွေကို ပြည်ထောင်စုသဘောတူညီချက် စာချုပ်ထဲမှာ ထည့်လိုက်နိုင်ပြီလို့မှ မဟုတ်တာ’ ’ဟု UPDJC နိုင်ငံရေး ပါတီ ကိုယ်စားလှယ် တာလှဖေက ပြောသည်။  # 7 Day