မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအား စစ်ဆေးမည်ဆိုခြင်းမှာ မဟုတ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ပြောကြား

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအား စစ်ဆေးမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက်က မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဖြစ်သူ ဦးဖုန်းမော်ရွှေက ရေနံလက်ယက်တွင်း လုပ်ငန်းများမှ တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ခုနစ်ဘီလျံကျော်ကို လက်ရှိ အစိုးရလက်ထက်တွင် ပြန်လည်အပ်နှံရခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ဖွဲ့ကာ အဖွဲ့အစည်းမှတ်ပုံတင် ဥပဒေ အရ မတရားအသင်းအဖွဲ့အဖြစ် စစ်ဆေးသွားမည်ဟု နယူး ဖက်ဒရယ်တိုင်း သတင်းမီဒီယာက ၎င်းတို့၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားခြင်းမှာလည်း မမှန်ကန်ကြောင်း ဦးတင်ထွန်းက ပြောကြားသည်။

အဆိုပါမီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာတွင် “၁၅ ရက်နေ့မှာစတင်ပြီးတော့ ဥက္ကဋ္ဌတို့၊ အဖွဲ့ဝင်တို့ အဖွဲ့ဖျွဲပြီး စစ်ပါလိမ့်မယ်။ အဖွဲ့အစည်း မှတ်ပုံတင်ဥပဒေအရ မတရားအသင်းအဖွဲ့ပုံစံမျိုး စစ်ပါလိမ့်မယ်” ဟု ဦးတင်ထွန်း ကပြောကြားကြောင်း ဖော်ပြထားသည်။

“ကျွန်တော်လည်း မနေ့က ညကမှ သိလိုက်တယ်။ သတင်းတိုက်တွေက ဖုန်းဆက်မေးကြတယ်။ အဲဒီတော့မှ ကျွန်တော်လည်း သိတယ်။ မဟုတ်ပါဘူး။ အဲဒီသတင်းဂျာနယ်က မေးလည်း မမေးဖူး ပါဘူး။ အင်တာဗျူးလည်း မလုပ်ဖူးပါဘူး။ နောက်ပြီးတော့ ဒီသတင်းမှာပါတဲ့ အကြောင်းအရာကလည်း မှန်ကန်ခြင်းမရှိပါဘူး။ ဒီသတင်းနဲ့ ပတ်သက်ပြီး မီဒီယာကောင်စီနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်သွားမှာပါ” ဟု ဦးတင်ထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ ဦးတင်ထွန်းအား မေးမြန်းခြင်း မရှိသလို ဖြေကြားခြင်း မရှိသည့်ကိစ္စရပ်အား ဖော်ပြခဲ့သည့်အတွက် အရေးယူပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်း မီဒီယာကောင်စီထံ မေ ၁၅ ရက် ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားကြောင်းလည်း သိရသည်။ “အခုအချိန်ထိတော့ ကျွန်တော်တို့ ကော်မရှင်မှာ မကွေးတိုင်းဒေသကြီးမှာ ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာစာမှမရှိသေးဘူး” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။

နိုင်ငံတော်ပိုင်ပစ္စည်းများကို ရယူသုံးစွဲသည့် အဖွဲ့အစည်းများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒအရ ဆက်လက်ရပ်တည်ခွင့် မရှိကြောင်းပြဋ္ဌာန်းထားသော်လည်း ကော်မရှင်အနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ လက်ရှိ ကာလအထိ ယင်းဥပဒေအသုံးပြုကာ ဆောင်ရွက်ရသည့် အမှုကိစ္စမရှိသေးကြောင်းလည်း ဦးတင်ထွန်းက ပြောကြားသည်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃)။ အဲဒီမှာ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်းဆိုတာ ပါတယ်။ ပုဒ်မ ၁၂ (က) အပိုဒ်ခွဲ ၅ မှာ ပါပါတယ်။ ဘယ်လိုဖော်ပြထားလဲဆိုတော့ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေအိမ်အဆောက်အဦ၊ ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်းဆိုပြီးပါပါတယ်။ ဒါက ဥပဒေမှာ ပြဋ္ဌာန်းထားတာပါ။ သို့သော်လည်း အခု အချိန်ထိတော့ ဒီဟာကို အကောင်အထည်ဖော်တာမရှိသေးပါဘူး”ဟု ဦးတင်ထွန်းက ပြောကြားသည်။

လက်ရှိတွင် အဆိုပါရန်ပုံငွေ အရှုပ်အရှင်း ကိစ္စနှင့်ပတ်သက်ပြီး ကော်မရှင်နေဖြင့် တိုင်ကြားမှုရှိမှသာ စစ်ဆေးမှု ပြုလုပ်သည် သို့မဟုတ် မတိုင်ကြားသော်လည်း ကော်မရှင်က စစ်ဆေးမှုပြုလုပ်နိုင် သည်ကို မီဒီယာများက မေးမြန်းရာ “အခုအချိန်ထိတော့ ဘာမှမရှိသေးတော့ ပြောရခက်တယ်” ဟု ဦးတင်ထွန်းက ပြောကြားသည်။

# Eleven