သွေးအလူးလူး ကလေးငယ် တစ်ဦး၏ ဓာတ်ပုံက ဆီးရီးယား ပြည်တွင်းစစ်၏ ဆိုးယုတ်မှု သက်သေ ဖြစ်လာစေခဲ့

12074272375378

မူးဝေနွမ်းနယ်နေဟန်ရှိပြီး တစ်ကိုယ်လုံး ဖုံနှင့်သွေး အလူးလူး ဖြစ်နေသော ဆီးရီးယား ကလေးငယ် တစ်ဦး၏ ဓာတ်ပုံက ပြည်တွင်းစစ်၏ ဆိုးယုတ်သော အဓိပ္ပါယ်ကို ထင်ထင်ရှားရှား ပေါ်လွင်လာစေခဲ့သည်။ အဆိုပါ ဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့လာပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ဆီးရီးယား ပြည်တွင်းစစ်၌ ပါဝင်နေသော အဖွဲ့အစည်း အားလုံးအပေါ် ဦးတည်သည့် ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လာသည်။ ထိုကလေးငယ်သည် အေလက်ပို မြို့တွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် ပြိုကျသွားသည့် အဆောက်အအုံ တစ်ခုအောက်မှ ဆွဲထုတ် ကယ်ဆယ်ခြင်း ခံလာရရှာသူ ဖြစ်သည်။

အသက် ၅ နှစ်အရွယ် အွမ်ရန် ဒက်နိရှ်သည် ဆေးရုံကား တစ်စီးပေါ်ထိုင်၍ လိုက်ပါလာစဉ် တိတ်ဆိတ်တွေဝေစွာ လိုက်ပါလာနေခဲ့ခြင်းဖြစ်သည်။ ၎င်းကို ကုသပေးသည့် ဆရာဝန်များက ကလေးငယ်သည် အခြားထိခိုက်မှု သူများထက် များစွာ အခြေအနေ ကောင်းခဲ့ကြောင်း ဆိုသည်။ သို့သော် အွမ်ရန်၏ စိတ်ပိုင်းဆိုင်ရာတွင်မူ အကြီးအကျယ် သက်ရောက်သွားစေခဲ့ဖွယ် ရှိသည်။

အွမ်ရန်အတွက် အလွန်ကံကောင်းသည့် အခြားကိစ္စတစ်ခုမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ၎င်း၏ မိဘများနှင့် မွေးချင်း ညီအစ်ကို မောင်နှမ သုံးဦးတို့ပါ အသက်ရှင်ခဲ့သည်ဟု ယုံကြည်ရခြင်း ဖြစ်သည်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကို ရုရှားလေတပ်က ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦးမျှ သေဆုံးခဲ့ကြောင်း ဆီးရီးယား အတိုက်အခံ အင်အားစုများက ပြောကြားခဲ့သည်။

အွမ်ရန်သည် ကြောက်စရာ စစ်အနိဋ္ဌာရုံများကို အနီးကပ် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည့်နောက် အလွန်တုန်လှုပ် နေဟန် ငြိမ်သက်နေပုံမှာ ဓာတ်ပုံရော၊ ဗီဒီယိုများပါ ထွက်ပေါ်ခဲ့ပြီး အင်တာနက်ပေါ် လျင်မြန်စွာ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

အွမ်ရန်သည် ဆီးရီးယား ပြည်တွင်းစစ်၏ သရုပ်မှန်ကို ဖော်ပြနေပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည့် ဒုတိယမြောက် ကလေးငယ်လည်း ဖြစ်လာသည်။ ယခင်ကလည်း ပြည်တွင်းစစ်မှ ထွက်ပြေးပြီး တူရကီသို့ ခိုလှုံဝင်ရောက်ရန် ကြိုးစားစဉ် လှေမှောက်သေဆုံးကာ တူရကီ ကမ်းခြေတွင် လာရောက် သောင်တင် နေသည့် ၃ နှစ်အရွယ် ဆီးရီးယား ကလေးငယ် အလန်ကာဒီ၏ ပုံရိပ်က မြင်သူတိုင်းအတွက် ကြေကွဲစရာ ဖြစ်ခဲ့ဖူးသည်။

အေလက်ပိုတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဆီးရီးယား အစိုးရနှင့် အတိုက်အခံ အင်အားစုများကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ အဆိုပါမြို့သည် ယခင်က နိုင်ငံ၏ စက်မှုနှင့် စီးပွားရေး အဓိက ရင်းမြစ်တစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ စစ်ဒဏ်ကြောင့် အလွန်ယိုယွင်း ပျက်စီးနေပြီ ဖြစ်သလို အပြစ်မဲ့ပြည်သူ ရာနှင့်ချီ အသက်ဆုံးရှုံးခဲ့ရသည်။

Ref: AMC


Leave a Reply