Ooredoo ၏ဆက်သွယ်ရေးလုပ်ငန်းများအား စင်ကာပူနည်းပညာကုမ္ပဏီထံ ကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ

မြန်မာနိုင်ငံရှိ Ooredoo ၏ဆက်သွယ်ရေးလုပ်ငန်းများကို စင်ကာပူအခြေစိုက်နည်းပညာကုမ္ပဏီ (Nine Communications) ထံသို့ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ယနေ့(စက်တင်ဘာ ၈ ရက်) တွင်ဖော်ပြထားသည်။

ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo သည် ရှယ်ယာများရောင်းချရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ အစောပိုင်းကာလများကတည်းက တင်ပြထားခဲ့ကြောင်း Ooredoo ကသတင်းထုတ်ပြန်ထားသည်။

Ooredoo သည် မြန်မာနိုင်ငံမှနောက်ဆုံးထွက်ခွာသည့် တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး သုံးစွဲသူ ၁၅ သန်းရှိကာ၊ နိုင်ငံခြားသား ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ရင်းနှီးမြုပ်နှံမှုလည်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောကထွက်ခွာခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် Ooredoo ၏ ရင်းနှီးမြှုပ်နှံမှုကို မခန့်မှန်းနိုင်သေးသော်လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်အား အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကိုအခွန်အခအဖြစ်ပေးဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်းဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် ဟိုတယ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံလုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စသည့်လုပ်ငန်းအမျိုးအစားများမှာ မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာခဲ့ကြသည်။  Reuters