၂၁ ရာစုပင်လုံသို့ ဆွေးနွေးရန် တင်သွင်းသည့်အချက်အားလုံးကို ညီလာခံရလဒ်အဖြစ် သတ်မှတ်ရန် ပူးတွဲ ကော်မတီ သဘောတူ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံသို့ဆွေးနွေးရန်တင်သွင်းသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများဟူသည့်ကဏ္ဍလေးရပ်မှ အချက် ၁၄ ချက်ကို ညီလာခံရလဒ် အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးက သဘော တူညီခဲ့သည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ညီလာခံကိုယ်စားလှယ်များ ဆွေးနွေးခဲ့သည့်အချက်များအနက် မပြေလည်သည့် နိုင်ငံရေးနှင့် မြေယာကဏ္ဍမှ အချက်လေးချက်ကို ညှိနှိုင်းရန် UPJDC အစည်းအဝေးကို ဇူလိုင် ၁၅ ရက်တွင် ညီလာခံကျင်းပရာ နေပြည်တော်ရှိ MICC – II ခန်းမ၌ ကျင်းပခဲ့သည်။

ညီလာခံ တစ်ရက်နားပြီး ပြုလုပ်ခဲ့သော အဆိုပါအစည်းအဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့အကြား ခြောက်နာရီကြာအကြိတ်အနယ် ညှိနှိုင်း ခဲ့ပြီး ဆွေးနွေးစဉ်မပြေလည်မှုများရှိခဲ့၍ အစည်းအဝေး ခေတ္တရပ်နားညှိနှိုင်းခဲ့ရသည်ဟု UPDJC ကိုယ်စားလှယ် များက ဆိုသည်။ ‘‘အခြေခံမူသဘောတူညီချက် ၁၄ချက်ကို ဒီအစည်းအဝေးကနေပြီးတော့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီသဘော တူညီချက်တွေကို မနက်ဖြန်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တင်သွင်း ပြီးတော့ ပြည်ထောင်စု သဘောတူ စာချုပ်(Union Accord) ရဲ့ အစိတ်အပိုင်း(၂) အဖြစ် လက်မှတ်ရေး ထိုးမှာဖြစ်ပါတယ်’’ ဟု အစိုးရအစု အဖွဲ့မှ ဒေါက်တာတင်မျိုးဝင်းက အစည်းအဝေးအပြီးတွင် ပြောကြားသည်။

UPDJC အစည်းအဝေးတွင် ညီလာခံ၏သဘောထားထုတ်ပြန် ချက်ကိုလည်း သဘောတူအတည် ပြုနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ‘‘ဒီသဘောထားထုတ်ပြန် ချက်ဟာဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံရးသန္နိဋ္ဌာန်ကို အဓိကထုတ်ပြန် ကြေညာခြင်းပဲဖြစ်ပါတယ်’’ ဟု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။

အစည်းအဝေးတွင် အဓိက ညှိနှိုင်းခဲ့ရသည့် ကဏ္ဍသည် နိုင်ငံရေးကဏ္ဍအောက်ရှိ ကျား၊ မတန်း တူရေးဆိုင်ရာ အချက်၌ မြန်မာ နိုင်ငံ၏အမည်ကို ထည့်သွင်းရေး ကိစ္စဖြစ်ကြောင်း၊ အထူးသဖြင့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြား အကြိတ်အနယ်ဖြစ်ခဲ့ကြောင်း ဆွေးနွေးပွဲ၌ ပါဝင်သူတို့က ပြောသည်။ ‘‘ကျား၊ မ တန်းတူရေးရဲ့ရှေ့မှာ နာမဝိသေသနထည့်တဲ့ကိစ္စပေါ့။ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုတဲ့ စကားလုံးပေါ့။ တော်တော်လေးညှိနှိုင်းခဲ့ ရပါတယ်’’ ဟု နိုင်ငံရေးပါတီအစု အဖွဲ့ UPDJC အတွင်းရေးမှူး မင်းကျော်ဇေယျာဦးက ပြော ကြားသည်။

UPDJC က ညီလာခံသို့ တင်သွင်းသည့် မူလစာပိုဒ်သည် ‘ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု၏ မည်သည့်နိုင်ငံသားကိုမျှ ကျား၊ မဆိုင်ရာလိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေ ရေးနှင့် တန်းတူညီမျှမှုရှိစေရေးအတွက် မူဝါဒချမှတ်ရမည်’ ဟူ၍ ဖြစ်ပြီး ယင်းစာပိုဒ်ပါ ပြည်ထောင် စု၏စကားစု၏ နောက်တွင် နိုင်ငံအမည်ထည့်ခြင်း၊ မထည့်ခြင်း ကိစ္စကို အဓိကညှိနှိုင်းခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ်များက နိုင်ငံအမည်နာမနှင့်ပတ်သက်ပြီး မဆွေးနွေးရသေး သည့် အချိန်တွင် နာမဝိသေသနကို မထည့်သေးဘဲ ကျား၊ မတန်းတူရေးကိစ္စကို အဓိကဆွေးနွေးရန် သဘော ထားဖော်ပြခဲ့ပြီး အစိုးရ၊ တပ်မတော်ဘက်ခြမ်းမှ နိုင်ငံ၏အမည်ကို ထည့်သွင်းလိုသည့်အခြေအနေဟု ဆွေးနွေးပွဲ ကိုယ်စားလှယ်အချို့ကပြောသည်။ ‘‘ အဖြေက အနာဂတ်မှာ တည်ဆောက်မယ့် ပြည်ထောင်စုအတွက် ပြည်ထောင်စု သမ္မတမြန် မာနိုင်ငံမှာရှိတဲ့ ကျား၊ မတွေအ ကုန်လုံးကို တန်းတူရေးနဲ့ ခွဲခြား ဆက်ဆံမှုမရှိရေးဆိုတဲ့ အဖြေကို ရပါတယ်’’

ကျား၊ မတန်းတူရေးဆိုင်ရာ အချက်၌ပါရှိသော ပြည်ထောင်စု၏နောက်တွင် မြန်မာနိုင်ငံတော်ဟူသည့် စာသား ထည့်သွင်းရန် အကြိတ်အနယ် ဆွေးနွေးခဲ့ရသော်လည်း နောက်ဆုံးတွင်အားလုံးလက်ခံခဲ့သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပြောသည်။ ‘‘ဘာကြောင့်လဲဆိုတော့ ဒီညီလာခံကျင်းပနေတာ လည်း မြန်မာနိုင်ငံအနေနဲ့ ကျင်းပနေတာဖြစ်တယ်။ ညီလာခံကျင်းပတာပြီးသွားပြီး ပြည်ထောင်စုသဘောတူ စာချုပ်ချုပ်ဆိုရင် မြန်မာ နိုင်ငံအနေနဲ့ပဲ ချုပ်မှာပဲ။ ပြည် ထောင်စုမြန်မာနိုင်ငံတော်အနေ နဲ့ပဲ ချုပ်ရမှာပဲ။ ဒါကြောင့် ဒီမြန်မာနိုင်ငံတော်ဆိုတာကို ဆက်သုံးရမှာပဲ။ ဒါကြောင့် ဒီနေ့ညနေ ဒါကို အားလုံးသဘောပေါက်ပြီး တော့မှ မြန်မာနိုင်ငံတော်ထည့်တာကို အားလုံးသဘောတူ လိုက်တယ်’’ဟု ၎င်းကဆိုသည်။ ဇူလိုင် ၁၆ ရက်တွင် ပြုလုပ်မည့် ညီလာခံနောက်ဆုံးနေ့၌ ညီလာခံကြေညာချက် ထုတ်ပြန်မည်ဖြစ်ရာ ယင်းကြေညာချက်တွင် ယခုနှစ်တွင် ၂၁ ရာစုပင်လုံ တစ်ကြိမ်၊ ၂၀၁၉ ၌ နှစ်ကြိမ် ကျင်းပရန် ပါရှိကြောင်း မင်းကျော်ဇေယျာဦးက ပြောသည်။

‘‘ညီလာခံသုံးကြိမ်ကျင်းပမယ်။ သုံးကြိမ်မှာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ အခြေခံမူတွေ ချမှတ်ဖို့ဆိုတဲ့ဟာရယ်၊ လိုအပ်ပါက ၂၀၂၀ မှာ ထပ်ပြီးတော့ ညီလာခံ ဆက်လက်ကျင်းပကြိုးပမ်းသွား မယ်ဆိုတဲ့အချက်မျိုးတွေ ပါပါ တယ်’’ဟု ၎င်းကဆိုသည်။ ယခု ၂၁ ရာစုပင်လုံတွင် နိုင်ငံရေးကဏ္ဍအဆိုပြုချက်လေးချက်၊ စီးပွားရေးကဏ္ဍ အဆိုပြုချက်တစ်ချက်၊ လူမှုရေးကဏ္ဍ အဆိုပြုချက်ခုနစ်ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ ကဏ္ဍအဆိုပြုချက်နှစ်ချက်ကို ညီလာခံသို့ တင်သွင်း၍ ညီလာခံကိုယ်စားလှယ်များက အစုအဖွဲ့လိုက် သော်လည်း ကောင်း၊ကဏ္ဍအလိုက်သော် လည်းကောင်း ဆွေးနွေးညှိနှိုင်းခဲ့သည်။ ၂၀၁၇ မေလကကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေးတွင် အဆိုပါကဏ္ဍ လေးရပ်မှ သဘောတူညီချက် ၃၇ ချက်ရရှိခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၁) အဖြစ်ချုပ်ဆိုခဲ့သည်။ ယခုညီလာခံရလဒ်များ ကိုလည်း ပြည် ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂) အဖြစ် သတ်မှတ်မည်ဖြစ်သည်။