၂၀၁၇ ပြည်သူ့ဂုဏ်ရည် ဆုအတွက် အမည်စာရင်း သွင်းခံရသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၄၀ ခန့်ရှိ

အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ၂၀၁၇ အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမည်စာရင်း တင်သွင်းခံရသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၇ ဦး ရှိကြောင်း မေလ ၁ ရက်စွဲဖြင့် ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်သည်။

၂၀၁၇ ပြည်သူ့ဂုဏ်ရည်ဆုအတွက် မြန်မာပြည်တွင်းနေထိုင်လျက် တိုင်းရင်းသားပြည်သူများအတွက် လူမှုရေး လုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေသူများ အမည်စာရင်း တင်သွင်းခြင်း ကို ဧပြီ ၂၃ ရက်အထိ လက်ခံခဲ့သည်။

အဆိုပါ ပြည်သူ့ဂုဏ်ရည်ဆုရှင် ကြေညာမည့်အခမ်းအနားကို မေလ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်၌ ပြုလုပ်မည်ဖြစ်သည်။ ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည် စာရင်း တင်သွင်းခြင်းခံရ သူများထဲတွင် လုပ်ကြံခံရသည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ ဦးကိုနီကို သတ်သူအား အသေခံဖမ်းဆီး ပေးခဲ့သူ ဦးနေ၀င်း၊ Myanmar Now ဂျာနယ်မှ ကိုဆွေဝင်းတို့ ပါဝင်သည်။

ထို့အပြင် အဆိုတော်၊ တေးရေးဆရာ ဆောင်းဦးလှိုင်၊ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ခင်မြင့်မောင်၊ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်း၊ အမြန်ရေယာဉ် နစ်မြုပ်မှုတွင် လူပေါင်း ၁၅၀ ကျော်ကို အသက်ကယ်ပေးခဲ့သည့် မိချောင်းတွင်းရွာမှ ဒေါ်ဝင်းကြည်၊ ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သော လူများကို စေတနာဖြင့် ဆယ်ယူပေးသည့် ရေငုပ်သမား သုံးဦး၊ အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်ဇော်၊ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ကိုအောင်မျိုးမင်းတို့လည်း ပါဝင်သည်။

အဆိုပါ ပုဂ္ဂိုလ်များအပြင် မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေးအသင်း၊ ဖော်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဦးနာယက၊ မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံ၊ ဈေးရောင်းနေသည့် ကလေးငယ်များအား စာသင်ပေးနေသော ကမ်းလက်ဆက်သူများလူငယ်အဖွဲ့ တို့အပါအ၀င် အခြားလူမှုကူညီ ရေးအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ပရဟိတကျောင်းများလည်း ပါဝင်သည်ကို တွေ့ရသည်။ ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ကစတင်၍ နှစ်စဉ်ပေးအပ်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည်ဆုအပြင် ပြည်သူ့ဂုဏ်ရည် အထူးဆုများလည်း ပေးအပ်ခဲ့သည်။

Credit