ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဟာဇက် မိတ်ဆက်ပွဲကို ဘာနေဗျူးကွင်းမှာပြုလုပ်ခဲ့

ပြောင်းရွှေ့ကြေးယူရိုသန်း(၁၀၀)နဲ့ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံတိုက်စစ်မှူးဟာဇက်ကို ရီးရဲလ်မက်ဒရစ်အသင်းကြာသပတေးနေ့က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ စပိန်နိုင်ငံမက်ဒရစ်မြို့က ဘာနေဗျူး ကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဟာဇက်နဲ့ ရီးရဲလ်မက်ဒရစ်တို့(၅)နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ်မှူးဟာဇက်ရဲ့ ဘာနေဗျူးကွင်းအတွင်း ဘောလုံးစွမ်ရည်ပြသခဲ့မှုကို ရီးရဲလ်မက်ဒရစ်အသင်း ပရိသတ်(၅)သောင်းကျော် လာရောက်အားပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပခဲ့ရာမှာ ဟာဇက်ကလက်ရှိ အချိန်အထိသူ့ကိုယ်သူကြယ်စင်စု ကစားသမားတစ်ဦးအဖြစ် မခံစားရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ “အခုထိကြယ်စင်စုကစားသမားတစ်ယောက် မဖြစ်သေးပါဘူး။ ကျွှန်တော် ဘောလုံးကို အကောင်းဆုံးကစားပြီး အသင်းနဲ့အတူဆုဖလားတွေ ရယူသွားနိုင်ဖို့ ကြိုးစားမှာပါ။ အခုကကျွှန်တော့်အတွက် စိန်ခေါ်မှုအသစ်ဖြစ်ပြီး အဲ့ဒီစိန်ခေါ်မှုတွေအတွက် အသင့်ပြင်ဆင်ထားပါတယ်”လို့ ဟာဇက်ကပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကျောနံပါတ်(၁၀)ကို မိုဒရစ်ဝတ်ဆင်နေတာဖြစ်လို့ သူ့အနေနဲ့တစ်ခြားကျောနံပါတ်တစ်ခုကိုသာ ရယူသွားမှာဖြစ်ပြီး အခုချိန်မှာ ကျောနံပါတ်က အရေးမကြီးဘူးလို့ ဟာဇက်က ဆက်လက်ပြောကြားသွားခဲ့ပါတယ်။ 

-Ref:Skysports