ထိုင်ဝမ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ၄ ဦးသေဆုံး၊ ၁၄၃ ဦးဒဏ်ရာရရှိ

ထိုင်ဝမ်မှာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိရာ ၄ ဦးသေဆုံးပြီး ၁၄၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ရာ တန်ဖိုးငွေ ထိုင်ဝမ်ဒေါ်လာ ၅၆၃.၂ သန်း (ကန်ဒေါ်လာ ၁၈.၃၅ သန်း) ခန့်ဆုံးရှုံးခဲ့ရပါတယ်။ လို့ အာဏာပိုင်တွေက ယနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ထိုင်ဝမ်မြို့လယ်ခေါင်နဲ့ တောင်ပိုင်းဒေသတွေမှာလည်း ရေကြီးရေလျှံခဲ့တဲ့အတွက် လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်လျက်ရှိပြီး လမ်းအချို့ပျက်စီးကုန်တာဖြစ်ပါတယ်။ ဒေသခံပြည်သူ ၇၀၀၀ ကိုလည်း ဘေးလွှတ်ရာ ပြောင်းရွှေ့ထားတဲ့အပြင် ဒေသခံ ၁၈၂၇ ယောက်ကိုလည်း ယာယီတဲတွေမှာ ပြောင်းရွှေ့ ပေးထားတယ်လို့ သိရပါတယ်။ အိမ်ခြေပေါင်း ၇၀၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်နေပါတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ “နောက်သုံးရက်ကြာတဲ့အထိ ထိုင်ဝမ်မှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နေဦးမယ်။”လို့ မိုးလေ၀သညွှန်ကြားရေး ဦးစီးဌာနက သတိပေးကြေညာထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေကို ကူညီဖို့ အမျိုးသားကာကွယ်ရေး ၀န်ကြီးဌာနက စစ်သား ၃၇၀၀၀ နဲ့ လေယာဉ်အစင်းရေ ၅၀၀၀ ခန့်ကို စေလွှတ်ထားတယ်လို့ သိရှိရပါတယ်။