Third-party account များအတွက် Gmail iOS app ဗားရှင်းသစ်ကို Google စမ်းသပ်နေ

Google account များသာမက အခြား email account အားလုံးကိုပါ စစ်ဆေးနိုင်မယ့် Gmail app ဗားရှင်းသစ် တစ်မျိုးကို iOS ပေါ်မှာ စမ်းသပ်နေတယ်လို့ Google က ကြေညာလိုက်ပါတယ်။ အဲ့ဒီ app ဟာ Outlook, Hotmail, Live နဲ့ Yahoo တို့လို Google မဟုတ်တဲ့ account တွေကို ထည့်သွင်းစစ်ဆေးနိုင်မယ်လို့ သိရပါတယ်။

ဒီကြေညာချက်ကို Gmail ရဲ့ Twitter account ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီ feature သစ်ပါဝင်တဲ့ Gmail iOS app ဗားရှင်းကို စမ်းသပ်ရန်အတွက် သုံးစွဲသူတွေကို ဖိတ်ကြားခဲ့ပါတယ်။ အဲ့ဒီ link ကို နှိပ်လိုက်တဲ့အခါ Gmail beta probram နဲ့ ချိတ်ဆက်ပေးမယ့် အွန်လိုင်းဖောင်တစ်ခု ပေါ်လာမှာဖြစ်ပါတယ်။ Gmail beta program အတွက် iOS 10 နဲ့အထက်မှာ official Gmail iOS app ကို အသုံးပြုထားဖို့လိုပါတယ်။ နောက်ပြီး Gmail မှာထည့်သွင်းလိုတဲ့ Google မဟုတ်တဲ့ email account တစ်ခုလည်း လိုအပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ အွန်လိုင်းဖောင်မှာ Outlook, Hotmail, Live, Yahoo, Yandex, Mail.ru နဲ့ “Other” ဆိုပြီး Google မဟုတ်တဲ့ account တွေကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အနေနဲ့ https://goo. gl/pfwkfM သို့သွားရောက်ပြီး မှတ်ပုံတင်နိုင်ပါတယ်။

-နောင်နောင်
Ref: TechCrunch